ဗီယက်နမ်နိုင်ငံသို့ နိုဝင်ဘာ ၁၅ ရက်တွင် မုန်တိုင်းဗမ်ကိုဝင်ရောက်တိုက်ခတ်မှုကြောင့် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးပြီး လူငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဖိလစ်ပိုင်၌လည်း မုန်တိုင်းဗမ်ကိုကြောင့် သေဆုံးသူ ၆၇ ဦးအထိရှိနေပြီဖြစ်ကြောင်း နှစ်နိုင်ငံအစိုးရအရာရှိများကပြောဆိုခဲ့သည်။
မုန်တိုင်းဗမ်ကိုသည် နိုဝင်ဘာ ၁၅ ရက်အစောပိုင်းတွင် ဗီယက်နမ်သို့ တစ်နာရီ ၉၀ ကီလိုမီတာ( တစ်နာရီ ၅၆ မိုင်) နှုန်းဖြင့်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
မုန်တိုင်းကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ပြီး အိမ်များ ထိခိုက်ပျက်စီးခဲ့သည်။
ဗမ်ကိုသည် မကြာသေးမီရက်များအတွင်း ဗီယက်နမ်သို့ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းများအနက် နောက်ဆုံးမုန်တိုင်းဖြစ်ပြီး လွန်ခဲ့သော ရက်သတ္တပတ်ခြောက်ပတ်အတွင်း မုန်တိုင်းများကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၁၅၉ ဦးထက်မနည်းသေဆုံး၍ ၇၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်သည်။
လူငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင် အဖွဲ့၏ ကနဦးအစီရင်ခံစာအရသိရသည်။
ဗမ်ကိုသည် ဖိလစ်ပိုင်သို့ တစ်နာရီ ၁၅၅ ကီလိုမီတာနှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဗီယက်နမ်သို့ ဝင်ရောက်ချိန်တွင် အတော်အသင့်အားပျော့သွားပြီဖြစ်သည်။
ကမ်းရိုးတန်းတစ်လျှောက်ရှိ ခရိုင် ခုနစ်ခုမှ လူ ၆၅၀၀၀၀ ခန့်ကို မုန်တိုင်းမဝင်ရောက်မီတွင် ကုန်းမြင့်ပိုင်းသို့ ဗီယက်နမ်အာဏာပိုင်များက ရွှေ့ပြောင်းပေးခဲ့သည်။
ထို့ပြင် မုန်တိုင်းနောက်ဆက်တွဲအဖြစ် မြေပြိုမှုများရှိလာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းသို့ မုန်တိုင်းဗမ်ကိုဝင်ရောက်တိုက်ခတ်မှုကြောင့် နိုဝင်ဘာ ၁၅ ရက်အထိ သေဆုံးသူ ၆၇ ဦးရှိနေပြီဖြစ်ပြီး လူ ၁ ဒသမ ၇ သန်းခန့် ထိခိုက်နစ်နာခဲ့ရသည်။

















