ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လိင်ပြောင်းများသည်လည်း မိသားစုများထံမှ အိမ်ခြံမြေများကို အမွေဆက်ခံခွင့်ရရှိတော့မည်ဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးက နိုဝင်ဘာ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။
လူဦးရေ ၁၆၈ သန်းရှိသော ဘင်္ဂလားဒေ့ရှ်သည် အရပ်ဘက်ဝါဒီနိုင်ငံဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသော်လည်း အိုးအိမ်ပိုင်ဆိုင်မှုဆိုင်ရာဥပဒေများသည် အစ္စလာမ်ဥပဒေများကိုလိုက်နာနေဆဲဖြစ်ပြီး လိင်ပြောင်းများသည် မိဘများသေဆုံးသည့်အခါ အိမ်ခြံမြေများကို အမွေဆက်ခံခွင့်ပိတ်ပင်ခံနေရဆဲဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၌ အမျိုးသားအဖြစ် မွေးဖွားလာသော်လည်း နောက်ပိုင်းတွင် ၎င်းတို့ကိုယ်၎င်းတို့ အမျိုးသားလည်းမဟုတ်၊ အမျိုးသမီးလည်းမဟုတ်ဟု ယူဆထားသည့် ဟိုင်ဂျရာများအတွက် အမွေဆက်ခံခွင့်ဆိုင်ရာဥပဒေသစ်တစ်ခုလိုအပ်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ယခုအပတ်တွင် ပြုလုပ်သည့် ဝန်ကြီးအဖွဲ့အစည်းအဝေး၌ ပြောဆိုခဲ့သည်။
လိင်ပြောင်းမိသားစုဝင်များလည်း အိမ်ခြံမြေအမွေဆက်ခံခွင့်ရှိသည်ဟု သတ်မှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အစ္စလာမ်ရှားရီယားဥပဒေများနှင့် အညီ ဥပဒေတစ်ခုကိုရေးဆွဲနေကြောင်း တရားရေးရာဝန်ကြီး အနီဆူ ဟက်ကပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ရှိ လူဦးရေ ၁ ဒသမ ၅ သန်းခန့်ရှိသော လိင်ပြောင်းများကို ၂၀၁၃ ခုနှစ်ကတည်းက သီးခြားလိင်အဖြစ် ထုတ်ဖော်ခွင့်ပြုထားသည်။
ယမန်နှစ်မှစ၍ ၎င်းတို့အား တတိယလိင်အဖြစ် သတ်မှတ်ပြီး မဲပေးခွင့်ပြုခဲ့သည်။ ယခုလအစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် လိင်ပြောင်းမွတ်စလင်များအတွက် ပထမဆုံး အစ္စလာမ်စာသင်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။
သို့သော် ကိုလိုနီခေတ်ဥပဒေအရ လိင်တူချစ်ပါက ထောင်ဒဏ်ချမှတ်ခံရနိုင်ခြေရှိနေဆဲဖြစ်ပြီး ကွဲပြားသော လိင်စိတ်ရှိသူများ(LGBTQI) အသိုင်းအဝိုင်းသည် ခွဲခြားဆက်ဆံမှုများနှင့် ကြုံနေရဆဲဖြစ်သည်။
ကွဲပြားသော လိင်စိတ်ရှိသူများအရေး လှုပ်ရှားသူများက အစိုးရ၏ယခုလုပ်ရပ်ကိုထောက်ခံသော်လည်း မိသားစုအများစုသည် လိင်ပြောင်းမိသားစုဝင်များကို ငြင်းပယ်နေဆဲဖြစ်သောကြောင့် ဥပဒေသက်ရောက်မှုမရှိမည်ကို စိုးရိမ်နေသည်။

















