အင်ဒိုနီးရှား၌ COVID-19  ကူးစက်သူ ၄၆၇၁၁၃ ဦးရှိ၊ ယခုနှစ်အကုန်ပိုင်းတွင် ကာကွယ်ဆေးစတင်ထိုးနှံမည်

အင်ဒိုနီးရှား၌ COVID-19  ကူးစက်သူ ၄၆၇၁၁၃ ဦးရှိ၊ ယခုနှစ်အကုန်ပိုင်းတွင် ကာကွယ်ဆေးစတင်ထိုးနှံမည်

အင်ဒိုနီးရှားနိုင်ငံ၌ နိုဝင်ဘာ ၁၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၁၀၆ ဦးရှိခဲ့သောကြောင့် ကူးစက်သူစုစုပေါင်း ၄၆၇၁၁၃ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှား၌ နိုဝင်ဘာ ၁၅ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၆၃ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၁၅၂၁၁ ဦးရှိနေပြီဖြစ်သည်။

အင်ဒိုနီးရှား၌ နိုဝင်ဘာ ၁၅ ရက်အထိ ပြန်လည်ကျန်းမာလာသူ ၃၉၁၉၉၁ ဦးရှိနေပြီဖြစ်သည်။

ယခုနှစ်အကုန်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခွင့်ရရှိရေးအတွက် အရေးပေါ်ခွင့်ပြုချက်အမိန့်ကို ထုတ်ပြန်ရန် စီစဉ်နေပြီဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကာကွယ်ဆေးဖြန့်ချိရန် စီစဉ်နေပြီဖြစ်ကြောင်း ဂျိုကိုဝီဟု သိကြသည့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားရှိ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့(BPOM) က ကာကွယ်ဆေးဖြန့်ချိခွင့်ပြုလိုက်ပါက လူဦးရေ သန်း ၂၇၀ ရှိပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက်လူဦးရေအများဆုံးဖြစ်သည့် အင်ဒိုနီးရှားသည် COVID-19 ကာကွယ်ဆေး ပထမဆုံးဖြန့်ချိသည့် နိုင်ငံဖြစ်လာမည်ဖြစ်သည်။

ကာကွယ်ဆေး ဘေးကင်းမှုရှိရေးသည် ဦးစားပေးဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များအား ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း ဂျိုကိုဝီကပြောဆိုခဲ့သည်။

BPOM သည် ဒီဇင်ဘာအစောပိုင်းတွင် ခွင့်ပြုချက်ထုတ်ပေးမည်ဟု မျှော်လင့်ထားပြီး ယင်းနောက် နှစ်ပတ်အကြာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကာကွယ်ဆေးထိုးနှံမည်ဖြစ်ကြောင်း ရေကြောင်းရေးရာနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး လူဟတ် ပန်ဂျိုင်တန်ကပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံပိုင် ဆေးဝါးကုမ္ပဏီ Bio Farma သည် ကာကွယ်ဆေးတစ်ကြိမ်ထိုးပမာဏ ၁၅ သန်းကို ယခုနှစ်အတွင်း ထုတ်လုပ်ပေးမည်ဖြစ်သည်။

အင်ဒိုနီးရှာအစိုးရသည် ၂၀၂၁ ခုနှစ် အကုန်ပိုင်းအထိ ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ သန်း ၂၅၀ ကျော်အတွက် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။

ယင်းတို့တွင် အမေရိကန်ကုမ္ပဏီ Novavax ထံမှ ကာကွယ်ဆေးတစ်ကြိမ်ထိုးပမာဏ သန်း ၃၀ လည်းပါဝင်ကြောင်း အစိုးရကပြောဆိုခဲ့သည်။