ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူဦးရေ အဆမတန်တိုးမြင့်လာနေသည့်အတွက် နိုင်ငံတွင်း COVID-19 တိုက်ဖျက်ရေး အရေးပေါ်အခြေအနေကို ပိုမိုတင်းကျပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က အာဏာရ အလုပ်သမားပါတီပေါ်လစ်ဗြူရိုအစည်းအဝေး၌ ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
နျူကလီးယားစီမံကိန်းကိုတားမြစ်နိုင်ရေး နိုင်ငံတကာက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကြောင့် မြောက်ကိုရီးယား၏စီးပွားရေး ထိခိုက်နေရချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါကြောင့် စီးပွားရေးနှင့် နိုင်ငံရေးအရ မတည်ငြိမ်မှုများရှိနေခဲ့ရာ ယင်းအခြေအနေများကို တုံ့ပြန်ရန် ယခုအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုအစည်းအဝေးကို ကင်တက်ရောက်ခြင်းသည် ၂၇ ရက်အတွင်း ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်လာခြင်းလည်းဖြစ်သည်။
ကူးစက်ရောဂါတိုက်ဖျက်ရေးကို ပိုမိုအားမြှင့်လုပ်ဆောင်ပြီး သတိဝီရိယကို အမြင့်ဆုံးအထိထားရှိရန် လိုအပ်ကြောင်း ကင်က ညွှန်ကြားခဲ့သည်ဟု သတင်းဌာနက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားအစိုးရသည် နိုဝင်ဘာ အစောပိုင်းအထိ လူ ၁၂၀၀၀ ကျော်ကို COVID-19 ရှိမရှိစစ်ဆေးခဲ့ပြီး ကူးစက်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကပြောဆိုခဲ့သည်။
နိုင်ငံခြားသား ရှစ်ဦးအပါအဝင် လူ ၆၁၇၃ ဦးကို သံသယရှိသူများအဖြစ်သတ်မှတ်ထားပြီး အောက်တိုဘာ နောက်ဆုံးအပတ်အထိ လူ ၁၇၄ ဦးကို သီးခြားထားရှိစောင့်ကြည့်ခဲ့ကြောင်း WHO ကပြောဆိုခဲ့သည်။
ဇန်နဝါရီတွင် ပြုလုပ်မည့် အလုပ်သမားပါတီ ညီလာခံတွင် လာမည့် ငါးနှစ်စီမံကိန်းနှင့်ပတ်သက်၍ ဆုံးဖြတ်မည်ဖြစ်ရာ ယင်းမတိုင်မီ ရက် ၈၀ အတွင်း ကဏ္ဍတိုင်းရှိ လျာထားချက်များ ပြည့်မီအောင်လုပ်ဆောင်ရန် ကင်က နိုင်ငံသားများကို တိုက်တွန်းပြောဆိုထားပြီးဖြစ်သည်။

















