COVID-19  ကာကွယ်ဆေးမှာ ၉၄ ဒသမ ၅ ရာနှုန်း ထိရောက်မှုရှိကြောင်း Moderna ထုတ်ပြန် 

 COVID-19  ကာကွယ်ဆေးမှာ ၉၄ ဒသမ ၅ ရာနှုန်း ထိရောက်မှုရှိကြောင်း Moderna ထုတ်ပြန် 

လက်ရှိစမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေးတစ်မျိုးသည် ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း အမေရိကန် ဆေးဝါးကုမ္ပဏီ Moderna က နောက်ဆုံးအဆင့်စမ်းသပ်မှုအချက်အလက်များကို အခြေခံကာ နိုဝင်ဘာ ၁၆ ရက်၌ ထုတ်ပြန်ခဲ့သည်။

Moderna ၏ ကာကွယ်ဆေးသည် အမေရိကန် ပြည်ထောင်စုတွင် ထိရောက်မှုရှိသည်ဟု တရားဝင်ထုတ်ပြန်သော ဒုတိယ မြောက် COVID-19 ကာကွယ်ဆေး ဖြစ်လာခဲ့သည်။

ကျန်းမာရေးအာဏာပိုင်များ၏ သုံးသပ်ချက်အရ Pfizer ကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေးသည် ဘေးကင်းလုံခြုံမှုရှိပြီး ၉၀ ရာခိုင်နှုန်း ကျော်ထိရောက်မှုရှိခဲ့ခြင်းကြောင့် ဒီဇင်ဘာ အကုန်ပိုင်း၌ အမေရိကန်ပြည် ထောင်စုတွင် ကာကွယ်ဆေးနှစ်မျိုးအား အရေးပေါ်အသုံးပြုသွားနိုင်ဖွယ်ရှိ နေကာ တစ်ကြိမ်သုံးပမာဏ သန်းပေါင်း ၆၀ နီးပါး ထုတ်လုပ်နိုင်ဖွယ်ရှိနေ သည်။

ယင်းကာကွယ်ဆေး နှစ်မျိုးသည် RNA(mRNA) ဟု လူသိများသော နည်းပညာသစ်တစ်မျိုးအား အသုံးပြုခဲ့ကြခြင်းဖြစ်ပြီး COVID-19 ဗိုင်းရပ်စ်၏ အခွံပေါ်မှ အသားစပရိုတင်းကို ယူကာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လူ၏ ခန္ဓာ ကိုယ်တွင်းသို့ ထိုးသွင်းချိန်၌ ခုခံကာကွယ်နိုင်သည့် စွမ်းအားကို ထုတ်လုပ် ပေးသည့် နည်းပညာဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဘေးကင်းလုံခြုံပြီး စိတ်ချရသည့် ကာကွယ်ဆေးနှစ်မျိုး ပေါက်ပေါက်လာပြီဖြစ်ခြင်းကြောင့် လူပေါင်း ၅၄ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၁ ဒသမ ၃ သန်းကျော် သေဆုံးခဲ့ရသော COVID-19 ကပ်ရောဂါကြီးကို တိုက်ဖျက်ရန်အတွက် ကိရိယာလက်နက်များ ရရှိလာပြီဖြစ်သည်။

Moderna ၏ ကာကွယ်ဆေးမှာ Pfizer ၏ ကာကွယ်ဆေးနှင့် ဓာတ် သဘောမျိုး မတူညီဘဲ သာမန် ရေခဲသေတ္တာအပူချိန်တွင်း၌ ထားရှိသယ် ဆောင်နိုင်သည့် အခြေအနေရှိခြင်းကြောင့် အမေရိကန်ပြည်ထောင်စု တစ်ဝန်းနှင့် ဥရောပသို့ တင်ပို့ဖြန့်ဖြူးရန် ပိုမိုလွယ်ကူသော အခြေအနေ မျိုးရှိကြောင်း သိရသည်။

‘’COVID-19 ကို ရပ်တန့်နိုင်တဲ့ ကာကွယ်ဆေးတစ်မျိုးကို ကျွန်တော် တို့ရရှိပါတော့မယ်’’ ဟု Moderna ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ စတီဖင်ဟို့ဂ်က ပြောကြားခဲ့သည်။

Moderna မှ ထုတ်လုပ်သော ကာကွယ်ဆေးနှင့် ပတ်သက်ပြီး အမေရိကန်ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သည့် ဒေါက်တာ အန်ထော်နီဖောက်ချီကလည်း ကပ်ရောဂါအား အမှန်တကယ် အဆုံးသတ် ပစ်နိုင်တော့မည့် ကာကွယ်ဆေးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။