ထောက်ပံကြေး ၄ သောင်းမရ၍ လူ ၅၀ ဖြင့်လှည့်လည်ဆန္ဒထုတ်ဖော်ဦးဆောင်သူ ၂ ဦးကို အမှုဖွင့်

ထောက်ပံကြေး ၄ သောင်းမရ၍ လူ ၅၀ ဖြင့်လှည့်လည်ဆန္ဒထုတ်ဖော်ဦးဆောင်သူ ၂ ဦးကို အမှုဖွင့်

မင်္ဂလာဒုံမြို့နယ် ၊ သင်္ဃန်းကျွန်းကြီးစံပြကျေးရွာတွင် ထောက်ပံကြေးငွေ ၄ သောင်းကျပ်မရသည့်ကိစ္စ လူ ၅၀ ဖြင့် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ဦးဆောင်သူ ၂ ဦးကို အမှုဖွင့်အရေးယူထားကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

နိုဝင်ဘာ ၁၅ ရက် နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီကျေးရွာအုပ်စု ၊ အောင်စည်းခုံဘုရားလမ်းရှိ သင်္ဃန်းကျွန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် နိုင်ငံတော်မှထောက်ပံ့သည့်ငွေကျပ် ၄ သောင်း မရသည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပေးရန် မျိုးတင့်(၆၀)နှစ် နှင့် ကျော်ကြီး(၃၁)နှစ် တို့ဦးဆောင်ကာ လူအင်အား(၅၀)ခန့်ဖြင့် လှည့်လည်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

"ရာအိမ်မှူး/ ဆယ်အိမ်မှူး များဖြုတ်ချရေး" " ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဖြုတ်ချရေး " စသော ဗီနိုင်းစာသားများကိုကိုင်ဆောင်ကာ မျိုးတင့်နှင့်ကျော်ကြီးတို့(၂)ဦး ဦးဆောင် သည့် လူအင်အား(၅၀)ခန့်သည် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဇောတိကလမ်းမကြီးဘက်သို့စီတန်းလှည့်လည်ပြီး အော်ဟစ်ကြွေးကြော်ခဲ့ကာ ဇောတိကလမ်းမကြီးမှ ဇောတိက(၃)လမ်း၊ ဇောတိက(၃)လမ်းမှ အေန်ာရထာလမ်း၊ အောင်စည်းကုန်းဘုရားလမ်းအတိုင်း အော်ဟစ်ကြွေးကြော်စီတန်းလှည့်လည်ခဲ့ပြီး မွန်းတည့် ၁၂နာရီအချိန်ခန့်တွင် အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ပြန်လည်ရောက်ရှိခဲ့သည်။ အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ သံပန်းတံခါးတွင် ၎င်းတို့လှည့်လည်ရာတွင်အသုံးပြုခဲ့သည့် ဆိုင်းဘုတ် ၂ ခုကို ချိတ်ဆွဲကာ ထပ်မံ အော်ဟစ်ကြွေးကြော်ခဲ့သောကြောင့် ဦးဆောင်သူ ၂ ဦးကိုအရေးယူပေးရန် နိုဝင်ဘာ ၁၆ ရက်နေ့တွင်တိုင်ကြားခဲ့သည်။

မင်္ဂလာဒုံ မြို့မရဲစခန်းက (ပ)၁၂၈၈/ ၂၀၂၀ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူထားသည်။