COVID-19 ရောဂါကြောင့်သုံးလကျော်ကြာ ရပ်နားထားရသည့်ချင်းတွင်းမြစ်ရေယာဉ်လုပ်သား ၁၈ဝဝ ကျော်အား စစ်ကိုင်းတိုင်းပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီက ကျပ်သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲစသည့် အခြေခံစားသောက်ကုန်များထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
''လုပ်ငန်းဆောင်ရွက်ခွင့်မရဘဲအခက်အခဲတွေ့နေတဲ့မိသားစုတွေကိုရစကကော်မတီက တတ်နိုင်သလောက်ထောက်ပံ့တာကို တိုင်းအစိုးရအနေနဲ့ကျေလည်းကျေနပ်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ အဆိုးထဲက အကောင်းလို့မြင်ပါတယ်။ ကိုဗစ်ကြောင့်ရေယာဉ်အလုပ်တွေ ရပ်နားထားရတယ်။ ဝင်ငွေမရှိတော့ မိသားစုစားဝတ်နေရေးခက်ခဲတာပေါ့။ အဲဒါအဆိုးပေါ့။ အဲဒီအဆိုးကို ဒီနေ့ထောက်ပံ့ပေးတာဟာ မများပေမယ့် စာနာစိတ်နဲ့ထောက်ပံ့တာဆိုတော့ ရတဲ့သူရောပေးတဲ့သူပါ ပီတိဖြစ်စေပါတယ်''ဟုစစ်ကိုင်းတိုင်းစက်မှုလျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။
ထောက်ပံ့ကူညီခြင်းကို နိုဝင်ဘာ၁၇ ရက် နံနက်က မုံရွာမြို့ စစ်ကိုင်းတိုင်းပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီရုံးတွင်ပြုလုပ်ရာ စစ်ကိုင်းတိုင်းစက်မှုလျှပ်စစ်နှင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း တက်ရောက်အားပေးသည်။
ထောက်ပံ့သည့်အခြေခံစားသောက်ကုန်များကို ဝန်ကြီးဦးသန်းညွန့်ဝင်းနှင့်စစ်ကိုင်းတိုင်း ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီတာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ရေယာဉ်လုပ်သားများကိုယ်စား MGRG ရေယာဉ်အသင်းဥက္ကဌဦးမျိုးညွန့်ထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
















