ဟောင်ကောင်လွှတ်တော်တွင်း မေနှင့် ဇွန်လတို့တွင် အနံ့ဆိုးသည့် အရည်များ ဖြန်းပက်ခဲ့မှုဖြင့် လွှတ်တော်အမတ်ဟောင်းသုံးဦးကို နိုဝင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
ဒီမိုကရေစီအရေးလှုပ်ရှားသူများဖြစ်သည့် တက်ဒ် ဟွီ၊ ရေးချန်းနှင့် ချူဟွိုင် ဒစ်စ်တို့က ၎င်းတို့အဖမ်းခံခဲ့ရကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ရေးသားခဲ့သည်။
လွန်ခဲ့သောအပတ်တွင် ဟောင်ကောင်လွှတ်တော်အမတ်လေးဦး အမတ်အဖြစ်မှ ဖယ်ရှားခံခဲ့ရပြီးနောက် အတိုက်အခံအမတ်များစွာသည် ဟောင်ကောင်အစိုးရ၏လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်သည့်အနေဖြင့် အုပ်စုလိုက် နုတ်ထွက်ခဲ့ကြသည်။
အဆိုပါအမတ်ဟောင်းသုံးဦးသည် အန္တရာယ်ဖြစ်စေရန်၊ စိတ်ဒဏ်ရာရရှိစေရန်နှင့် အခြားလူများ စိတ်အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် အန္တရာယ်ရှိသော ပစ္စည်းများကိုအသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဟောင်ကောင်ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
ဇွန်လတွင် တရုတ်အမျိုးသားသီချင်းအား မလေးမစားပြုမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်မည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးမှုတစ်ခုအတွင်း ယင်းအချိန်က အမတ်များဖြစ်သည့် အက်ဒီ ချူနှင့် ရေးချန်းတို့သည် လွှတ်တော်ဥက္ကဋ္ဌ ထိုင်ခုံအနီးသို့ ပြေးထွက်သွားပြီး အနံ့ဆိုးသည့် အရည်များကို ဖြန်းပက်ခဲ့ကြောင်း လုံခြုံရေးကင်မရာမှတ်တမ်းများအရသိရသည်။
မေလတွင် တက်ဒ်ဟွီသည် အစည်းအဝေးကျင်းပနေစဉ်အတွင်း အနံ့ဆိုးသည့် အပင်တစ်ပင်ကို လွှတ်တော်အစည်းအဝေးခန်းမအလယ်တွင်ထားရှိခဲ့သည်။
လွှတ်တော်အစည်းအဝေးကျင်းပမှုကို ဖျက်လိုဖျက်စီးလုပ်ပြီး ဥပဒေပြုရေးကောင်စီဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ အန်ဒရူး လွန် စိတ်ပိုင်းအနှောင့်အယှက်ရှိလာရန်တို့ကို လုပ်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရကြောင်း ဟွီက နိုဝင်ဘာ ၁၈ ရက်တွင် အတည်ပြုပြောဆိုခဲ့သည်။

















