ဂျပန်နိုင်ငံ မြို့တော် တိုကျို၌ COVID-19 ကူးစက်သူသစ်ဦးရေ မြင့်တက်လာသည့်အတွက် COVID-19 အန္တရာယ်သတိပေးချက် အဆင့်လေးဆင့်ရှိသည့်အနက် အမြင့်ဆုံးအထိ ထားရှိသတ်မှတ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Nikkei စီးပွားရေးသတင်းစာက နိုဝင်ဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။
သတိပေးချက်ကို အဆင့်မြှင့်တင်မှုအဖြစ် တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့သည် စီးပွားရးလုပ်ငန်းများအနေဖြင့် အလုပ်ချိန်ကို လျှော့ချရန် ညွှန်ကြားထားကြောင်း သတင်းစာကဖော်ပြခဲ့သည်။
အမြင့်ဆုံးအထိ သတ်မှတ်ချက်ကို နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သတင်းစာက ရေးသားခဲ့သည်။
တိုကျို၌ စက်တင်ဘာတွင် COVID-19 ကူးစက်မှုနှုန်းလျော့ကျခဲ့ပြီးနောက် ကူးစက်ရောဂါအန္တရာယ်သတိပေးချက်ကို ဒုတိယအမြင့်ဆုံးအထိ လျှော့ချခဲ့သည်။
တိုကျို၌ နွေရာသီတွင် တစ်ရက်လျှင် ကူးစက်သူသစ် ၄၀၀ ကျော်အထိရှိခဲ့သည်။ နိုဝင်ဘာ အစောပိုင်းမှ၍ တိုကျို၌ နေ့စဉ်ကူးစက်မှုနှုန်းပြန်လည်မြင့်တက်လာပြီး လွန်ခဲ့သောအပတ်တွင် ကူးစက်သူသစ် ၃၉၃ ဦးအထိရှိခဲ့သည်။
သတိပေးချက် အမြင့်ဆုံးသတ်မှတ်မှုအရ ကူးစက်မှုနှုန်း လွန်စွာမြင့်မားနေသည်ကို ဖော်ပြနေသည်။ ဂျပန်နိုင်ငံ၌ COVID-19 ကူးစက်သူ ၁၂၁၀၀၀ ခန့်နှင့် သေဆုံးသူ ၁၉၂၀ ရှိနေပြီး အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကူးစက်မှုဒဏ်ကို များစွာခံရခြင်းမရှိချေ။
လူဦးရေ ၁၄ သန်းရှိသော တိုကျို၌ နေ့စဉ် COVID-19 ရှိမရှိစစ်ဆေးမှု ထောင်နှင့်ချီ၍ သာ ပြုလုပ်နိုင်သေးသောကြောင့် စစ်ဆေးမှုနှုန်းနည်းပါးသည်ဟု ဆိုနိုင်သည်။
တိုကျို၌ ဆေးရုံကုတင် ၂၆၄၉ ရှိနေပြီး COVID-19 လူနာ ၁၂၈၁ ဦးသည် ကုသမှုခံယူနေရသည်။

















