လက်နက်ကိုင်ပဋိပက္ခများ၊ စီးပွားရေးကျဆင်းမှုများ၊ ရာသီဥတုပြောင်းလဲမှုနှင့် COVID-19 ကူးစက်ရောဂါတို့ကြောင့် အကျပ်အတည်းကြုံနေရသည့် နိုင်ငံ ခုနစ်နိုင်ငံ၌ အငတ်ဘေးမဖြစ်အောင် တားဆီးရေးအတွက် ကုလသမဂ္ဂအရေးပေါ်ရန်ပုံငွေထဲမှ ဒေါ်လာ သန်း ၁၀၀ ကို ထုတ်ယူအသုံးပြုမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာနှင့် အရေးပေါ်အကူအညီပေးရေးဌာနအကြီးအကဲ မာ့ခ် လိုးကော့ခ်က နိုဝင်ဘာ ၁၇ ရက်တွင် ပြောဆိုခဲ့သည်။
ယီမင်၌ ဒေါ်လာ သန်း ၃၀၊ အာဖဂန်နစ္စတန်နှင့် နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းတို့၌ ဒေါ်လာ ၁၅ သန်းစီ၊ တောင်ဆူဒန်နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့၌ ဒေါ်လာ ခုနစ်သန်းစီနှင့် ဘာကီနာဖာဆို၌ ဒေါ်လာ ခြောက်သန်းကို အသုံးပြုမည်ဖြစ်သည်။
အခြေအနေများဆိုးရွားလာနေသည့် အီသီယိုးပီးယားအတွက်လည်း ဒေါ်လာ သန်း ၂၀ လျာထားထားကြောင်း လိုးကော့ခ်ကပြောဆိုခဲ့သည်။
အငတ်ဘေးက ပုံမှန်ဖြစ်နေသည့် ကမ္ဘာကြီး ပြန်ဖြစ်လာသည်ကို မြင်တွေ့နေရသည်မှာ စိတ်နှလုံးနာကျင်စရာကောင်းလှပြီး လူတိုင်းအတွက် အစားအစာ လိုအပ်သည်ထက် ပိုမိုလျှံနေချိန်တွင် ကမ္ဘာ့နိုင်ငံတချို့၌ အငတ်ဘေးကြံုနေရသည်မှာမဖြစ်သင့်ကြောင်း လိုးကော့ခ်ကပြောဆိုခဲ့သည်။
အငတ်ဘေးကြောင့် ထိခိုက်နာကျင်မှု ကြီးမားစွာဖြင့် အရှက်ရစရာသေဆုံးနေပြီး နိုင်ငံများအပေါ် သက်ရောက်မှုကလည်း ကြီးမားလှကြောင်း လိုးကော့ခ်ကဆက်လက်ပြောဆိုခဲ့သည်။
၂၀၂၀ ပြည့်နှစ်အတွက် ကုလသမဂ္ဂဗဟိုအရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေအတွက် ဒေါ်လာ သန်း ၅၀၀ ထည့်ဝင်ခဲ့ကြပြီးဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းသစ်များပေါ်ပေါက်လာပါက ကုလသမဂ္ဂသည် အလှူရှင်များ၏ထည့်ဝင်မှုကို စောင့်ဆိုင်းစရာမလိုဘဲ အရေးပေါ်ရန်ပုံငွေကို ထုတ်သုံးခွင့်ရှိနေသည်။

















