တောင်ကိုရီးယားနိုင်ငံ၌ နိုဝင်ဘာ ၁၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၁၃ ဦးရှိခဲ့ပြီး ယင်းသည် သြဂုတ်မှစကာ တစ်ရက်အတွင်း ကူးစက်သူသစ်စံချိန်တင်ရှိခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန(KDCA) က ထုတ်ပြန်ခဲ့သည်။
အလုပ်ခွင်များ၊ ကျန်းမာရေးဌာနများနှင့် လူစုလူဝေးပြုမှုများမှတစ်ဆင့် အစုလိုက်အပြုံလိုက်ကူးစက်မှုများရှိခဲ့ပြီးနောက် အာဏာပိုင်များသည် ကျန်းမာရေးဆိုင်ရာစည်းမျဉ်းများလိုက်နာလာရေးအတွက် တင်းကျပ်မှုများ ပြန်လည်ပြုလုပ်နေရသည်။
တောင်ကိုရီးယား၌ ငါးရက်ဆက်တိုက် တစ်ရက်လျှင် ကူးစက်သူသစ် ၂၀၀ ကျော်ရှိခဲ့သည်။
ဆိုးလ်မြို့၌ လက်ရှိ ချမှတ်ထားသည့် ကျန်းမာရေးစည်းမျဉ်းများ ထိရောက်မှုမရှိပါက ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားလာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။
ဆိုးလ်မြို့လယ်တစ်ဝိုက်တွင် ပိုမိုတင်းကျပ်သော ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ချမှတ်ရန် အစိုးရက နိုဝင်ဘာ ၁၇ ရက်တွင် ဆုံးဖြတ်ချက်ချခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားနိုင်ခြေရှိနေကြောင်း ဒုတိယကျန်းမာရေးဝန်ကြီး ကန် ဒိုတဲကပြောဆိုခဲ့သည်။
တောင်ကိုရီးယား၌ ကူးစက်မှုစတင်ဖြစ်ပွားချိန်က နေရာတချို့၊ အုပ်စုတချို့တွင်းသာ ပျံ့နှံခဲ့သော်လည်း ယခုအချိန်တွင်မူ လူ့အဖွဲ့အစည်းရှိ နေရာအစုံ၊ အလွှာစုံတို့၌ ကူးစက်မှုရှိနေပြီဖြစ်ကြောင်း ကန် ဒိုတဲကပြောဆိုခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များအနက် ၂၄၅ ဦးသည် ပြည်တွင်းကူးစက်သူများဖြစ်ကြပြီး ၆၈ ဦးသည် ပြည်ပတွင် ကူးစက်ခံရပြီးနောက် တောင်ကိုရီးယားသို့ရောက်ရှိလာသူများဖြစ်ကြသည်။
ပြည်တွင်းကူးစက်သူသစ်များအနက် ၇၄ ရာခိုင်နှုန်းသည် ဆိုးလ်မြို့လယ်တစ်ဝိုက်မှဖြစ်သည်။ ယင်းကူးစက်မှုများသည် တောင်တက်အသင်း၊ အားကစားခန်းမတစ်ခု၊ စက်ရုံတစ်ရုံနှင့် မိသားစုတွေ့ဆုံမှုများနှင့် ဆက်စပ်နေသည်။
တောင်ကိုရီးယား၌ COVID-19 ကူးစက်သူသစ် ၂၉၃၁၁ ဦးနှင့် သေဆုံးသူ ၄၉၆ ဦးရှိနေသည်။
နိုဝင်ဘာ ၁၉ ရက်မှစတင်၍ လူ ၁၀၀ နှင့်အထက် စုဝေးမှုများကို ပိတ်ပင်မည်ဖြစ်ပြီး ဘာသာရေးနှင့် အာကစားပွဲများသည် ယခင်ကလက်ခံသည့် ပရိသတ်ဦးရေ၏ ၃၀ ရာခိုင်နှုန်းကိုသာ လက်ခံရမည်ဖြစ်ကာ ကလပ်များ၊ ကာရာအိုကေဘားများကဲ့သို့ ကူးစက်နိုင်ခြေများသည့် နေရာများသည် ဧည့်သည်များကြား အကွာအဝေးကို ပိုမိုဝေးကွာထားရှိရမည်ဖြစ်သည်။

















