ခံတွင်းသန့်ဆေးရည်က ကိုရိုနာဗိုင်းရပ်စ်ကို သတ်ဖြတ်နိုင်ကြောင်း လေ့လာမှုဖော်ပြ

ခံတွင်းသန့်ဆေးရည်က ကိုရိုနာဗိုင်းရပ်စ်ကို သတ်ဖြတ်နိုင်ကြောင်း လေ့လာမှုဖော်ပြ

စမ်းသပ်ခန်းအတွင်း စမ်းသပ်မှုအရ ခံတွင်းသန့်ဆေးရည်သည် ကိုရိုနာဗိုင်းရပ်စ်ကို စက္ကန့် ၃၀ အတွင်း သတ်ပစ်နိုင်ကြောင်း သိရသည်။

စတိုးဆိုင်များတွင်ရနိုင်သည့် သာမန်ခံတွင်းသန့်ဆေးရည်သည် ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်ကြောင်း လေ့လာတွေ့ရှိရသဖြင့် အားတက်စရာကောင်းလှကြောင်း ဝေလနယ်ရှိ ကာဒစ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များကပြောဆိုခဲ့သည်။

ခံတွင်းသန့်ဆေးရည်သည် တံတွေးရှိ ကိုရိုနာဗိုင်းရပ်စ်ကို သတ်ဖြတ်နိုင်သော်လည်း အသက်ရှုလမ်းကြောင်းနှင့် အဆုတ်များထဲသို့ ရောက်ရှိခြင်းမရှိသောကြောင့် COVID-19 ကုသဆေးအဖြစ် အသုံးမပြုနိုင်ကြောင်း ဝေလတက္ကသိုလ်ဆေးရုံမှ ဒေါက်တာ နစ်ခ် ကလေဒန်ကပြောဆိုခဲ့သည်။

သို့သော် ကာဒစ်တက္ကသိုလ်၏လေ့လာတွေ့ရှိမှုအပေါ် အခြေခံပြီး ခံတွင်းသန့်ဆေးရည်များသည် လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများကဲ့သို့ လူများ၏နေ့စဉ်ဘဝတွင် အရေးပါသည့် ကဏ္ဍမှပါဝင်လာဦးမည်ဖြစ်ကြောင်း ဒေါက်တာ ကလေဒန်ကပြောဆိုခဲ့သည်။

Cetypyridinium chloride (CPC) အနည်းဆုံး ၀ ဒသမ ၀၇ ရာခိုင်နှုန်းပါဝင်သည့် ခံတွင်းသန့်ဆေးရည်ဖြင့် စမ်းသပ်ခန်းတွင်း စမ်းသပ်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကို သတ်ဖြတ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ကာဒစ်တက္ကသိုလ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာဒစ်တက္ကသိုလ်၏လေ့လာမှုကို အခြားပညာရှင်များက သုံးသပ်ရန် ရှိနေသော်လည်း CPC ပါဝင်သည့် ခံတွင်းသန့်ဆေးရည်များသည် ခံတွင်းထဲရှိ ကိုရိုနာဗိုင်းရပ်စ်ပမာဏကို လျှော့ချနိုင်ကြောင်း အခြားလေ့လာမှုများကလည်း သက်သေခံထားပြီးဖြစ်သည်။

ကာဒစ်တက္ကသိုလ်ဆေးရုံရှိ COVID-19 လူနာများ၏ တံတွေးထဲရှိ ကိုရိုနာဗိုင်းရပ်စ်ပမာဏကို လျှော့ချပေးနိုင်ခြင်းမရှိမရှိကို လက်တွေ့စမ်းသပ်ဦးမည်ဖြစ်သည်။

လက်ရှိတွေ့ရှိမှုကြောင့် အားတက်စရာကောင်းသော်လည်း ဆေးရုံရှိ စမ်းသပ်မှုများသည် လူနာများကြား မည်ကဲ့သို့ ကူးစက်မှုရှိစေသည်ကို သက်သေအထောက်အထားထုတ်ပြနိုင်မည်မဟုတ်ကြောင်း လေ့လာမှုကို ဦးဆောင်နေသည့် ပါမောက္ခ ဒေးဗစ် တောမတ်စ်ကပြောဆိုခဲ့သည်။