ပြင်သစ်နိုင်ငံသည် COVID-19 ကူးစက်သူ နှစ်သန်းကျော်သည့် ပထမဆုံး ဥရောပနိုင်ငံဖြစ်လာသော်လည်း ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်မှုများ ထိရောက်မှုရှိလာပြီဖြစ်ကြောင်း ထိပ်တန်းကျန်းမာရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၁၇ ရက်တွင် ပြောဆိုခဲ့သည်။
ပြင်သစ်နိုင်ငံ၌ COVID-19 ကူးစက်သူ ၂၀၃၆၇၅၅ ဦးနှင့် သေဆုံးသူ ၄၆၂၇၃ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဂျရုမ်း ဆော်လမန်ကပြောဆိုခဲ့သည်။
ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်မှုများ ထိရောက်မှုရှိလာပြီဖြစ်ပြီး နေ့စဉ်ကူးစက်သူဦးရေကျဆင်းနေပြီဖြစ်ကြောင်း ဂျရုမ်း ဆော်လမန်ကပြောဆိုခဲ့သည်။
ညမထွက်ရအမိန့်နှင့် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို လိုက်နာမှုကြောင့် အပြုသဘောဆောင်သည့် ရလဒ်များရှိလာခြင်းဖြစ်ပြီး ယခုနှစ်အကုန်ပိုင်းတွင်ရှိလာမည့် ပျော်ပွဲရွှင်ပွဲများအတွင်း၌လည်း သတိဝီရိယကို အမြင့်ဆုံးထားရှိကာ ဖြတ်ကျော်ရမည်ကြောင်း ဆော်လမန်ကပြောဆိုခဲ့သည်။
နိုင်ငံတွင်း နေ့စဉ်ကူးစက်သူသစ်ဦးရေကျဆင်းလာသော်လည်း ဒုတိယအကြိမ်မြောက်ချမှတ်ထားသည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကိုမူ ဖြေလျှော့ဦးမည်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီး အိုလီဗီယာ ဗာရန်ကပြောဆိုခဲ့သည်။
အောက်တိုဘာလလယ်ပိုင်းတွင် အဓိကမြို့ကြီးများ၌ ချမှတ်သည့် ညမထွက်ရအမိန့်ကြောင့် ကူးစက်မှုကို မလျှော့ချနိုင်ခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်မှစတင်ကာ တစ်လတိတိ ပိုမိုတင်းကျပ်သော ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ချမှတ်ခဲ့ရသည်။
ပြင်သစ်သည် COVID-19 ကူးစက်သူဦးရေတွင် စတုတ္ထအများဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူဦးရေ သတ္တမအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေသည်။

















