ရုရှားသမ္မတ ဗလာဒီမာပူတင် သမ္မတသက်တမ်းကုန်ဆုံးပြီးနောက် ၎င်းနှင့် မိသားစုဝင်များအား စွပ်စွဲပြစ်တင်ပြီး ရာဇဝတ်ကြောင်းအရတရားစွဲဆိုမှုမှ ကာကွယ်ပေးမည့် ဥပဒေကြမ်းတစ်ခုကို ရုရှားအောက်လွှတ်တော် ဒူးမားက နိုဝင်ဘာ ၁၇ ရက်တွင် အတည်ပြုခဲ့သည်။
ဇူလိုင်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ယင်းဥပဒေကြမ်းလည်း ပါဝင်ခဲ့သည်။ လွှတ်တော်နှစ်ရပ်စလုံးကို ပူတင်ထောက်ခံသူများက ကြီးစိုးထားသည်။
ပူတင်၏ စတုတ္ထမြောက်သမ္မတသက်တမ်းသည် ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ဥပဒေကြမ်းကို အတည်ပြုနိုင်ပါက ပူတင်သည် နောက်ထပ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။
ပူတင်သည် ယခုအချိန်တွင် အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး ၎င်းကိုဆက်ခံရမည့်သူကို ရွေးချယ်ထားခြင်းမရှိချေ။ ပူတင်သည် ၂၀၀၀ ပြည့်နှစ်ကတည်းက အာဏာရခဲ့ခြင်းဖြစ်ပြီး အနီးနေများအား အခွင့်အရေးများပေးကာ ဗဟိုချုပ်ကိုင်မှုကြီးကြီးဖြင့် အုပ်ချုပ်နေခဲ့သည်။
အာဏာရှင်များသည် ၎င်းတို့ ဆန္ဒအလျောက် နုတ်ထွက်ခြင်းမရှိသောကြောင့် ပူတင်သည် အပြစ်ပေးခံရမှုမှ ကင်းလွတ်သည့် ဥပဒေကို မလိုအပ်ကြောင်း အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်ညီက တွစ်တာ၌ ရေးသားခဲ့သည်။
ဥပဒေကြမ်းကို ဒူးမားလွှတ်တော်တွင်း နိုဝင်ဘာ ၁၇ ရက်တွင် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ရာ ပူတင်လိုလားသည့် ညီညွတ်သော ရုရှားပါတီဝင် အမတ်အားလုံးက ထောက်ခံမဲပေးခဲ့သည်။ ကွန်မြူနစ်ပါတီမှ အမတ် ၃၇ ဦးကမူ ကန့်ကွက်မဲပေးခဲ့သည်။
ဥပဒေကြမ်းနှင့်ပတ်သက်၍ ဒူးမားလွှတ်တော်တွင်း နောက်ထပ်နှစ်ကြိမ် ဆွေးနွေးဦးမည်ဖြစ်ပြီး ယင်းနောက်တွင် ပြည်ထောင်စုကောင်စီ သို့မဟုတ် အထက်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကာ နောက်ဆုံးတွင် ပူတင်က အတည်ပြုလက်မှတ်ရေးထိုးမည်ဖြစ်သည်။
ဥပဒေကြမ်းအရ သမ္မတဟောင်းတစ်ဦးနှင့် မိသားစုသည် ရဲတပ်ဖွဲ့၏ ဝင်ရောက်ရှာဖွေမှု၊ စစ်ဆေးမေးမြန်းမှုနှင့် ပိုင်ဆိုင်မှုပိတ်သိမ်းခံရမှုတို့မှ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။
သမ္မတဟောင်းနှင့်မိသားစုတို့သည် နိုင်ငံတော်သစ္စာဖောက်မှု၊ အခြားကြီးလေးသော ပြစ်မှုများမှလွဲ၍ ၎င်းတို့တစ်သက်တာအတွင်းကျူးလွန်ခဲ့သည့် အခြားပြစ်မှုများအတွက် အပြစ်ပေးခံရမည်မဟုတ်ချေ။

















