ရွေးကောက်ပွဲလုံခြုံရေးထိပ်တန်းအရာရှိတစ်ဦးကို သမ္မတထရမ့် ရာထူးမှဖယ်ရှား

ရွေးကောက်ပွဲလုံခြုံရေးထိပ်တန်းအရာရှိတစ်ဦးကို သမ္မတထရမ့် ရာထူးမှဖယ်ရှား

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲလိမ်လည်မှုများရှိခဲ့ကြောင်း ၎င်း၏ပြောဆိုမှုများကို ဆန့်ကျင်ပြောဆိုခဲ့သည့် ရွေးကောက်ပွဲလုံခြုံရေးထိပ်တန်းအရာရှိတစ်ဦးကို သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၇ ရက်တွင် ရာထူးမှဖယ်ရှားခဲ့သည်။

ဆိုက်ဘာလုံခြုံရေးနှင့်အခြေခံအဆောက်အအုံလုံခြုံရေးဌာန(Cisa) အကြီးအကဲ ခရစ် ခရပ်ကို မဲပေးမှုဆိုင်ရာ မှန်ကန်မှုနှင့်ပတ်သက်၍ အကြီးအကျယ် မှားယွင်းစွာပြောဆိုခဲ့သည့်အတွက် တာဝန်မှ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။

သမ္မတထရမ့်သည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း ယခုအချိန်အထိ မဝန်ခံသေးဘဲ မဲလိမ်လည်မှုများရှိခဲ့ကြောင်း အထောက်အထားမရှိ ဆက်လက်ပြောဆိုနေဆဲဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်မှားများကို ထောက်ပြပြောဆိုကာ ဖြေရှင်းနေသည့် Cisa ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော ကောလာဟလထိန်းချုပ်ရေး အမည်ရှိ ဝက်ဘ်ဆိုက်ကြောင့် ခရပ်သည် အိမ်ဖြူတော်နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။

Cisa လက်ထောက်ညွှန်ကြားရေးမှူး ဘရိုင်ယန် ဝဲသည် လွန်ခဲ့သောအပတ်တွင် နုတ်ထွက်ခဲ့သည်။ အိမ်ဖြူတော်က ဝဲ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။

ခရပ်သည်လည်း အမှန်တရားကို ဖြေရှင်းပြောဆိုခဲ့ရသည့်အတွက် နောင်တရပုံမရချေ။

ပြိုင်ဘက် ဂျိုးဘိုင်ဒင် အနိုင်ရရှိစေရန် ပြည်နယ်များစွာရှိ မဲပေးမှုဆိုင်ရာစက်များကို ပြုပြင်ခဲ့ကြောင်း ထရမ့်က စွပ်စွဲပြောဆိုမှုကို ဝေဖန်သည့် တွိဒ်တစ်ခုကိုလည်း ခရပ်က ရာထူးမှမဖယ်ရှားခံရမီတွင် တွစ်တာ၌ တင်ခဲ့သည်။

ရွေးကောက်ပွဲစနစ်တွင် လိမ်လည်လှည့်စားမှုများရှိခဲ့ကြောင်း အခြေအမြစ်မရှိပြောဆိုမှုများရှိနေပြီး ယင်းပြောဆိုမှုများသည် အထောက်အထားမခိုင်မာသလို ရှေ့နောက်လည်း မညီကြောင်း ရွေးကောက်ပွဲလုံခြုံရေးပညာရှင် ၅၉ ဦးလုံးက လက်ခံထားပြီးဖြစ်သည်ဟု ခရပ်က တွစ်တာ၌ ရေးသားခဲ့သည်။

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲသည် အမေရိကန်သမိုင်းတစ်လျှောက် လုံခြုံမှုအရှိဆုံး ရွေးကောက်ပွဲဖြစ်ကြောင်း ထုတ်ဖော်သည့် အမိမြေလုံခြုံရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများတွင် ခရပ်ပါဝင်ခဲ့သည်။