စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့တွင်နိုဝင်ဘာလ(၁၈)ရက်နံနက်ပိုင်းကအခြေခံလူတန်းစားထောက်ပံ့ငွေ တန်းတူမရရှိသူများကဆန္ဒဖော်ထုတ်ခဲ့ကြသည်။
"အခြေခံလူတန်းစားတွေရဲ့ အခြေအနေကို နိုင်ငံတော်အကြီးအကဲတွေ သိစေချင်တယ်၊ ရပ်၊ကျေးအုပ်ချုပ်ရေးမှူးတွေကို လုပ်ပိုင်ခွင့်အပြည့်အဝပေးထားတာဟာ အဂတိတရားကို ဖြစ်စေတယ်။ တကယ်လိုအပ်တဲ့ အခြေခံလူတန်းစားတွေကို အမြန်ဆုံးထောက်ပံ့စေချင်ပါတယ်။"ဟုဆန္ဒပြပွဲဦးဆောင်သူကိုမာန်ဇာမြေမွန်ကပြောသည်။
အခြေခံလူတန်းစားထောက်ပံ့ငွေ တန်းတူရရှိရေး၊ စီမံခန့်ခွဲမှုအာဏာ အလွဲသုံးသော ရပ်၊ကျေး ဥက္ကဌများအား အရေးယူပေးရေး ၊အဂတိတရား မကင်းသော အုပ်ချုပ်ရေးမှူးများအား အရေးယူပေးရေး စသည့် ကြွေးကြော်သံများဖြင့်အခြေခံလူတန်းစား (၂၉) ဦးကဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။
"နိုင်ငံတော်က ၄ကြိမ်ပေးတာ ၄ကြိမ်စလုံးမရတဲ့သူတွေရှိတယ်။အဂတိလုပ်နေတာတွေကိုမခံနိုင်လို့ဆန္ဒပြရတာပါ။နိုင်ငံတော်အစိုးရစေတနာကိုလေးစားပါတယ်။ကြားထဲကစီမံမှုညံ့လို့သာဆန္ဒပြကြရတာပါ။အခုလိုကိုဗစ်ကာလမှာဘယ်သူမှဆန္ဒမပြချင်ကြပါဘူး"ဟုဆန္ဒပြဦးဆောင်သူတစ်ဦးဖြစ်သည့်ကိုအောင်မျိုးကပြောသည်။
















