အာဖဂန်နစ္စတန်၌ အရပ်သား ၃၉ ဦးကို သြစတြေးလျစစ်သည်များ သတ်ဖြတ်ခဲ့ကြောင်း အထောက်အထားထွက်ပေါ်

အာဖဂန်နစ္စတန်၌ အရပ်သား ၃၉ ဦးကို သြစတြေးလျစစ်သည်များ သတ်ဖြတ်ခဲ့ကြောင်း အထောက်အထားထွက်ပေါ်

ကင်ဘာရာ နိုဝင်ဘာ ၁၉ - အာဖဂန်နစ္စတန်၌ သြစတြေးလျအထူးတပ်ဖွဲ့ဝင်များသည် အရပ်သားနှင့် အကျဉ်းသား ၃၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သြစတြေးလျထိပ်တန်းစစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးက နိုဝင်ဘာ ၁၉ ရက်တွင် ဝန်ခံခဲ့သည်။

သြစတြေးလျအထူးတပ်ဖွဲ့မှ ကင်းလှည့်တပ်ဖွဲ့ဝင်တချို့သည် ဥပဒေကိုမလိုက်နာခဲ့ဘဲ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကာ လိမ်လည်ပြောဆိုပြီး အကျဉ်းသားများကို သတ်ဖြတ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်သြဂတ်စ်ကမ့်ဘဲက ပြောဆိုခဲ့သည်။

အာဖဂန်နစ္စတန်ရှိ သြစတြေးလျတပ်ဖွဲ့ဝင်များ၏ အပြုအမူများနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကမ့်ဘဲက အထက်ပါအတိုင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။ ဖြစ်ရပ် ၂၃ ခုတို့တွင် ပြစ်မှုများကျူးလွန်ခဲ့သည့် သြစတြေးလျအထူးတပ်ဖွဲ့ဝင် ၂၅ ဦးသည် ၎င်းတို့၏တပ်ရင်း၊ သြစတြေးလျစစ်တပ်နှင့် သြစတြေးလျနိုင်ငံတို့ကို သိက္ခာကျဆင်းစေခဲ့ကြောင်း၊ ယင်းအတွက် အာဖဂန်နစ္စတန်ပြည်သူများကို စိတ်ရင်းဖြင့်တောင်းပန်လိုကြောင်း ကမ့်ဘဲက ပြောဆိုခဲ့သည်။

အာဖဂန်နစ္စတန်၌ ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် အထူးတပ်ဖွဲ့ဝင်များအား ချီးမြှင့်ထားသော သူရဲကောင်းဆုတံဆိပ်များကို ရုပ်သိမ်းပေးရန်လည်း ကမ့်ဘဲက တောင်းဆိုခဲ့သည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုပြီးနောက် တာလီဘန်များနှင့် အခြားအစွန်းရောက်အဖွဲ့များကို တိုက်ခိုက်နေသည့် အမေရိကန်နှင့် မဟာမိတ်တပ်များအား အကူအညီပေးရန်အတွက် သြစတြေးလျစစ်သည် ၂၆၀၀၀ ကို အာဖဂန်နစ္စတန်သို့ စေလွှတ်ခဲ့သည်။

သြစတြေးလျ တိုက်ခိုက်ရေးတပ်များသည် ၂၀၁၃ ခုနှစ်တွင် အာဖဂန်နစ္စတန်မှ ထွက်ခွာခဲ့သော်လည်း ယင်းနောက်တွင် အထူးတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့လုပ်ရပ်များနှင့်ပတ်သက်၍ ထုတ်ဖော်မှုများရှိလာခဲ့သည်။ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းစဉ်အတွင်း ခြောက်နှစ်အရွယ်ကလေးတစ်ဦးကို သတ်ဖြတ်ခြင်း၊ ရဟတ်ယာဉ်ပေါ်တွင် စီးနင်းသူပြည့်သွားပြီဖြစ်သောကြောင့် လူလျှော့သည့်အနေဖြင့် အကျဉ်းသားတစ်ဦးကို သတ်ဖြတ်ခြင်း အစရှိသည့် ဖြစ်ရပ်များရှိခဲ့သည်။

သြစတြေးလျ၌ စစ်တပ်ကို လူများက ယုံကြည်ကိုးစားကြသည်။ အစီရင်ခံစာနှင့်ပတ်သက်၍ သြစတြေးလျအစိုးရသည် စစ်တပ်ဘက်မှ ခုခံဖာထေးနိုင်ရန် ကြိုးပမ်းခဲ့သည်။ အစီရင်ခံစာပါမှန်ကန်ပြီး လက်မခံနိုင်စရာ အမှန်တရားအတွက် ကြိုတင်ပြင်ဆင်ထားရန် သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က သြစတြေးလျနိုင်ငံသားများအား လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သည်။

စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးအပြစ်ပေးရန် အထူးစုံစမ်းစစ်ဆေးသူတစ်ဦးကို မော်ရစ်ဆင်က ခန့်အပ်ထားပြီးဖြစ်သည်။