ဆိုးလ် နိုဝင်ဘာ ၁၉ - တောင်ကိုရီးယားနိုင်ငံ၌ ယှဉ်ပြိုင်မှုပြင်းထန်သော ကောလိပ်ဝင်ခွင့်စာမေးပွဲများ မစတင်မီတွင် COVID-19 ကူးစက်မှုတားဆီးရေး အထူးရက်သတ္တပတ်နှစ်ပတ်ကို နိုဝင်ဘာ ၁၉ ရက်မှ စတင်သတ်မှတ်ကာ ကူးစက်ရောဂါတိုက်ဖျက်ရေးကို အထူးကြပ်မတ်ဆောင်ရွက်နေပြီဖြစ်သည်။
တောင်ကိုရီးယား၌ နိုဝင်ဘာ ၁၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၄၃ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၂၉၆၅၄ ဦးနှင့် သေဆုံးသူ ၄၉၈ ဦးရှိနေပြီဖြစ်သည်။ တောင်ကိုရီးယား၌ နိုဝင်ဘာ ၁၈ ရက်အထိ ငါးရက်ဆက်တိုက် ကူးစက်သူသစ် ၂၀၀ ကျော်ရှိခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ကူးစက်သူသစ် ၃၀၀ ကျော်ဖြင့် စံချိန်တင်ခဲ့သည်။
COVID-19 ကူးစက်သူသစ်ဦးရေ တိုးပွားလာသောကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေဆိုမီတွင် မိဘများနှင့် ကျောင်းသားများအတွက် စိုးရိမ်စရာရှိလာခဲ့သည်။ အထက်တန်းကျောင်းသားကျောင်းသူ ၅၀၀၀၀၀ ခန့်သည် ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်မည့် စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။
စာမေးပွဲမတိုင်မီ တစ်ပတ်အလိုတွင် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအားလုံးသည် မျက်နှာချင်းဆိုင်သင်ကြားသည့်စနစ်ကို ပြန်လည်ကျင့်သုံးရန် ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။ ထို့ပြင် ယင်းကာလအတွင်း COVID-19 ကူးစက်သူရှိခဲ့သည့် ကျူရှင်ကျောင်း၏အမည်များကိုလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
စာမေးပွဲနေ့မတိုင်မီတွင် COVID-19 ကူးစက်ခံထားရသည့် ကျောင်းသားများအတွက် ကျန်းမာရေးဌာန ၂၉ ခုတို့တွင် ကုတင် ၁၂၀ ကိုလည်း ဝန်ကြီးဌာနက ပြင်ဆင်ထားပြီးဖြစ်သည်။ စာမေးပွဲဖြေဆိုမည့် ကျောင်းသားများကြား စိုးရိမ်မပိုစေလိုသောကြောင့် COVID-19 ကူးစက်ခံထားရသည့် အထက်တန်းကျောင်းသား မည်မျှရှိသည်ကို ထုတ်ပြန်ပေးမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်မှစ၍ လူ ၁၀၀ ထက် ကျော်လွန်ပြီး စုဝေးခွင့်ရရှိမည်မဟုတ်ဘဲ ဘာသာရေးနှင့် အားကစားဆိုင်ရာအခမ်းအနားများသည် ယခင်ကလက်ခံသည့် ပရိသတ်ဦးရေ၏ ၃၀ ရာခိုင်နှုန်းကိုသာ လက်ခံရမည်ဖြစ်သည်။

















