ရဲတပ်ဖွဲ့၏လုပ်ရပ်များနှင့်ပတ်သက်၍ တိုင်ကြားမှုများကို ကိုင်တွယ်ရာတွင် ဟောင်ကောင်အစိုးရ အားနည်းခဲ့ကြောင်း တရားရုံးဆုံးဖြတ်

ရဲတပ်ဖွဲ့၏လုပ်ရပ်များနှင့်ပတ်သက်၍ တိုင်ကြားမှုများကို ကိုင်တွယ်ရာတွင် ဟောင်ကောင်အစိုးရ အားနည်းခဲ့ကြောင်း တရားရုံးဆုံးဖြတ်

ဟောင်ကောင် နိုဝင်ဘာ ၁၉ - ရဲတပ်ဖွဲ့၏လုပ်ရပ်များနှင့်ပတ်သက်၍ တိုင်ကြားမှုများကို ကိုင်တွယ်ရာတွင် လွတ်လပ်ပြီး အမှီအခိုကင်းသော စနစ်တစ်ခုထားရှိ ဟောင်ကောင်အစိုးရပျက်ကွက်ခဲ့ကြောင်း ဟောင်ကောင်အထက်ရုံးက နိုဝင်ဘာ ၁၉ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ဟောင်ကောင်၌ ၂၀၁၉ ခုနှစ်တွင် ဆန္ဒပြမှုများအကြီးအကျယ်ဖြစ်ပွားပြီးနောက် ဟောင်ကောင်သတင်းသမားများအဖွဲ့သည် တရားရေးအရ ပြန်လည်သုံးသပ်ပေးရန် အထက်ရုံးကို လျှောက်ထားခဲ့သည်။ အစိုးရသည် ရဲတပ်ဖွဲ့ဝင်များ၏ ရက်စက်စွာပြုမူမှုများနှင့်ပတ်သက်၍ ထိရောက်သော စုံစမ်းစစ်ဆေးရေးစနစ်ကို ထားရှိရန် ပျက်ကွက်ခဲ့ကြောင်း အဖွဲ့ကပြောဆိုခဲ့သည်။

ဆန္ဒပြမှုများအား ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသော အဖွဲ့အစည်းတစ်ခုခုက စုံစမ်းစစ်ဆေးပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။ ရဲတပ်ဖွဲ့၏လုပ်ရပ်များနှင့်ပတ်သက်၍ တိုင်ကြားမှုများကို ကိုင်တွယ်ရန် လက်ရှိစနစ်ဖြင့်လုံလောက်ပြီး လွတ်လပ်ပြီး အမှီအခိုကင်းသော နောက်ထပ်စနစ်တစ်ခုထားရှိပေးရန် မလိုအပ်ကြောင်း တရုတ်အစိုးရ ကျောထောက်နောက်ခံရ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောဆိုခဲ့သည်။

သို့သော် အထက်ရုံးက ကာရီလမ်၏ပြောဆိုမှုကို ပယ်ချပြီး ဟောင်ကောင်နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရအခွင့်အရေးဥပဒေ ပုဒ်မ ၃ အရ လွတ်လပ်ပြီး အမှီအခိုကင်းသော အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပေးရန် အစိုးရတွင် တာဝန်ရှိနေကြောင်း ဆုံးဖြတ်ခဲ့သည်။

ဟောင်ကောင် ဗြိတိန်လက်အောက်တွင်ရှိစဉ်ကာလဖြစ်သည့် ၁၉၉၁ ခုနှစ်တွင် အဆိုပါအခွင့်အရေးဥပဒေကို အတည်ပြုခဲ့သည်။ တစ်နိုင်ငံ စနစ်နှစ်ခု သဘောတူညီမှုဖြင့် ဗြိတိန်သည် ဟောင်ကောင်ကို တရုတ်အား ၁၉၉၇ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်အမည်နှင့် တပ်ဖွဲ့ဝင်နံပါတ်ကို ဖုံးအုပ်ထားသည့် မည်သည့်ရဲတပ်ဖွဲ့ဝင်မဆိုသည် ဥပဒေချိုးဖောက်နေကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။