ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေ ဂျပန်လွှတ်တော် ကြေညာ

ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေ ဂျပန်လွှတ်တော် ကြေညာ

တိုကျို နိုဝင်ဘာ ၁၉ - ကမ္ဘာကြီးပူနွေးလာမှုကို တုံ့ပြန်ရေးအတွက် အစိုးရအား ဖိအားပေးသည့်အနေဖြင့် ဂျပန်လွှတ်တော်အမတ်များသည် ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေကို နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။

ဂျပန်ရှိ သြဇာကြီးမားသော အောက်လွှတ်တော်တွင်း ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဂျပန်သည် အလားတူဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ခုနစ်နိုင်ငံ (ဂျီ ၇)၊ ဥရောပသမဂ္ဂတို့နှင့် ရပ်တည်ချက်ချင်း တူညီသွားပြီဖြစ်သည်။

ဂျပန်သည် ၂၀၅၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိသည့်အခြေအနေသို့ ရောက်ရှိစေရမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက လွန်ခဲ့သောလတွင် ထုတ်ပြန်ခဲ့သည်။ စွမ်းအင်အရင်းအမြစ်များအတွက် ပြည်ပမှတင်သွင်းသော ရုပ်ကြွင်းလောင်စာများအပေါ် အကြီးအကျယ်မှီခိုနေရသည့် ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးပိုင်ဆိုင်သည့် ဂျပန်အတွက် ကြီးမားသောအပြောင်းအလဲဖြစ်သည်။

ဟာရီကိန်းမုန်တိုင်း၊ ရေကြီးရေလျှံမှုနှင့် တောမီးလောင်ကျွမ်းမှုတို့ကြောင့် အကြီးအကျယ်ထိခိုက်နစ်နာမှုများရှိနေပြီး ပြည်တွင်း ပြည်ပတို့၌ ရာသီဥတုပြောင်းလဲမှုကြောင့် အခြေအနေများပိုမိုဆိုးရွားလာကာ ရာသီဥတုဆိုင်ရာ အကျပ်အတည်းရှိနေပြီဖြစ်ကြောင်း ဂျပန်အောက်လွှတ်တော်၏ကြေညာချက်တွင် ဖော်ပြထားသည်။

ကမ္ဘာကြီးပူနွေးမှုတိုက်ဖျက်ရေးတွင် ဂျပန်သည်လည်း နောက်ကျမကျန်ခဲ့ကြောင်း ယခုကြေညာချက်က ထုတ်ပြနေသည်ဟု ကြေညာချက်ထုတ်ပြန်မှုနောက်ကွယ်တွင်ရှိနေသည့် လွှတ်တော်အမတ်များအဖွဲ့၏ အတွင်းရေးမှူး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ အမတ် ယိုရှီဟီဆာဖူရူကာဝါက ပြောဆိုခဲ့သည်။

ဖူကီရှီးမားအဖြစ်ဆိုးမတိုင်မီက ဂျပန်၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်ဖြင့် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ဂျပန်သည် နျူစွမ်းအင်ကို ဆက်လက်အားကိုးနေမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကိုလည်း တတ်နိုင်သရွေ့ အသုံးပြုနေမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆူဂါက ပြောဆိုခဲ့သည်။