နယူးယောက် နိုဝင်ဘာ ၁၉ - ဖေ့စ်ဘွတ်ခ်ကုမ္ပဏီသည် COVID-19 ကူးစက်နိုင်သည့်အန္တရာယ်ကို အမှုမထားဘဲ ဝက်ဘ်ဆိုက်ရှိ အကြောင်းအရာသုံးသပ်သူများကို အလုပ်ခွင်သို့လာရောက် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားနေကြောင်း ကမ္ဘာတစ်ဝန်းရှိ ဖေ့စ်ဘွတ်ခ်ဝန်ထမ်း ၂၀၀ ကျော်တို့က ပြောဆိုခဲ့သည်။
ကုမ္ပဏီသည် အမြတ်အစွန်းရရှိရေးကိုသာ ဦးစားပေးပြီး ဝန်ထမ်းများ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေရှိမှုကို အလေးမထားကြောင်း ဝန်ထမ်းများက ကုမ္ပဏီသို့ပေးပို့သည့် အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။ နေအိမ်မှပင် အလုပ်လုပ်ခွင့်ပေးပြီး အန္တရာယ်ရှိလောက်သည့် အနေအထားတွင် လုပ်ကိုင်ရမှုအတွက်လည်း ခံစားခွင့်များပေးသင့်ကြောင်း ဝန်ထမ်းများက တောင်းဆိုထားသည်။
ကုမ္ပဏီက ခန့်အပ်ထားသည့် အကြောင်းအရာသုံးသပ်သူအများစုသည် နေအိမ်မှပင် အလုပ်လုပ်ကိုင်နေကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ဖြေရှင်းပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ အကြောင်းအရာသုံးသပ်သူ ၁၅၀၀၀ အနက် အများစုသည် နေအိမ်မှပင် အလုပ်လုပ်ကိုင်နေပြီး ကူးစက်ရောဂါဖြစ်ပွားနေသရွေ့ ယင်းအတိုင်းပင် လုပ်ကိုင်နေရမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ပြောခွင့်ရှိသူက ပြောဆိုခဲ့သည်။
ဝန်ထမ်းများသည် ၂၀၂၁ ခုနှစ် နွေရာသီအထိ နေအိမ်မှပင် အလုပ်လုပ်နိုင်ကြောင်း ဖေ့စ်ဘွတ်ခ်က သြဂုတ်တွင် ထုတ်ပြန်ခဲ့သည်။ ဖေ့စ်ဘွတ်ခ်သည် ဝက်ဘ်ဆိုက်ရှိ အမုန်းစကား၊ ကလေးသူငယ်အပြာရေးရာနှင့် အခြားစည်းမျဉ်းများကို ချိုးဖောက်သည့် ပို့စ်များကို ရှာဖွေဖော်ထုတ်ဖြုတ်ချရာတွင် ကွန်ပျူတာဉာဏ်ရည်ကို ပိုမိုအားကိုးနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် ယခုကဲ့သို့ ဝန်ထမ်းများကို အလုပ်ပြန်ဆင်းခိုင်းခြင်းဖြစ်ကြောင်း ဝန်ထမ်းများ၏ပေးစာတွင် ဖော်ပြထားသည်။
စည်းမျဉ်းနှင့်မညီသော ပို့စ်များအနက် ၉၅ ရာခိုင်နှုန်းကို တိုင်ကြားမှုမရှိမီမှာပင် ဖယ်ရှားနိုင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်က ကြွေးကြော်ထားသော်လည်း ဆိုးရွားသည့်အကြောင်းအရာများကို ဖေ့စ်ဘွတ်ခ်၌ မြင်တွေ့နေရဆဲဖြစ်သည်။

















