ဆူဒန်၌ အီသီယိုးပီးယား စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိနေ

ဆူဒန်၌ အီသီယိုးပီးယား စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိနေ

နယူးယောက် နိုဝင်ဘာ ၁၉ - အီသီယိုးပီးယားနိုင်ငံ တီဂရေးဒေသမှ ဆူဒန်နိုင်ငံအရှေ့တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၃၀၀၀၀ ကျော်ရှိနေပြီး လေဟာပြင်ထဲ၌ အိပ်စက်နေရကာ COVID-19 ကူးစက်မှုအန္တရာယ်နှင့်လည်း ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ပြောခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၈ ရက်တွင် ပြောဆိုခဲ့သည်။  

‘‘ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သင့်တော်တဲ့ နေရာထိုင်ခင်းတွေဆီကို မလွှဲပြောင်းခင် လက်ခံကြိုဆိုရေးနေရာကို ရောက်လာနေကြတဲ့ လူတွေအတွက် ကုလသမဂ္ဂနဲ့ ဆူဒန်အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက လုပ်ဆောင်နေပါတယ်။ ဆူဒန်မှာ အခုလက်ရှိ ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိနေပါပြီ။ မိသားစုတွေနဲ့ ကလေးသူငယ်တွေဟာ လေဟာပြင်ထဲမှာ အိပ်စက်နေကြရတယ်’’ ဟု ကုလသမဂ္ဂအထွေထွအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောဆိုခဲ့သည်။

စစ်ဘေးရှောင်ဒုက္ခသည်များ တစ်စထက်တစ်စ ပိုမိုရောက်ရှိလာနေခြင်းကြောင့် ရောဂါကာကွယ်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကိစ္စများအတွက် ကုလသမဂ္ဂက စိုးရိမ်နေရပြီဖြစ်ကြောင်း ဒူဂျာရစ်က ပြောဆိုခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့တို့မှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ဆူဒန်ရှိ အီသီယိုးပီးယားနိုင်ငံသားများ၏အခြေအနေကို သုံးသပ်မှုများပြုလုပ်ခဲ့ကြကြောင်း ဆူဒန်ရှိ လူသားစာနာထောက်ထားမှုအကူအညီဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှူး ဘာဘာကာဆစ်ဆဲက ပြောဆိုခဲ့သည်။