ဝါရှင်တန် နိုဝင်ဘာ ၁၉ - COVID-19 ကပ်ရောဂါကြောင့် ဇွန်လတွင် ရွှေ့ဆိုင်းခဲ့ရသော စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံ (ဂျီ-၇) ထိပ်သီးစီးပွားရေးအစည်းအဝေးအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် လက်ခံကျင်းပရန် အစီအစဉ်မရှိတော့ကြောင်း သံတမန်သတင်းအရင်းအမြစ်သုံးခုက နိုဝင်ဘာ ၁၈ ရက်တွင် ပြောဆိုခဲ့သည်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင် အနိုင်ရမှုအား လက်ခံရန် ငြင်းဆန်ထားသော ရီပတ်ဘလီကန်သမ္မတ ထရမ့်က ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း သိရသည်။ ထရမ့်သည် ဘိုင်ဒင်အား ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားကာ အာဏာလွှဲပြောင်းပေးရမည်ဖြစ်သောကြောင့် ဂျီ-၇ အစည်းအဝေးအတွက် စီစဉ်ရန်အတွက် အချိန်မရှိတော့ကြောင်း သိရသည်။
ထို့ပြင် ဂျီ-၇ ထိပ်သီအစည်းအဝေးကို မည်သည့်နေ့တွင် ကျင်းပမည်၊ မည်သည့်အကြောင်းအရာများကို ဆွေးနွေးမည်နှင့်ပတ်သက်၍ ထရမ့်အစိုးရဘက်မှ ကမ်းလှမ်းပြောဆိုမှုများမရှိသေးကြောင်း သံတမန်ရေးရာ သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောဆိုခဲ့သည်။ အွန်လိုင်းစနစ်ဖြင့် ညီလာခံကျင်းပပြုလုပ်နိုင်သည့် အခြေအနေမျိုးရှိသော်လည်း ထိပ်သီးညီလာခံတစ်ခုဖြစ်မြောက်ရန်အတွက် လပေါင်းများစွာ အချိန်ယူစီစဉ်ရခြင်းကြောင့် ဂျီ-၇ အစည်းအဝေးမှာ ဖြစ်မြောက်ဖွယ်မရှိတော့ကြောင်း သိရသည်။
အိမ်ဖြူတော်ကမူ ယင်းပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်မှုမရှိခဲ့ပေ။ လာမည့်နှစ်တွင် ဂျီ-၇ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူမည့် ဗြိတိန်ကမူ ဂျိုးဘိုင်ဒင်အနိုင်ရမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ပြောဆိုခဲ့သည်။ ထို့ပြင် ဗြိတိန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံနှင့် ဂျီ-၇ ထိပ်သီးအစည်းအဝေးတို့အတွက်လည်း ကြိုတင်ဖိတ်ကြားမှုများ ပြုလုပ်ခဲ့သည်။
မတ်လတွင် အမေရိကန်ပြည်ထောင်စု၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုတိုးပွားလာခဲ့ခြင်းကြောင့် ဇွန်လ ၁၀ ရက်တွင် ကျင်းပမည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးကို ဒေါ်နယ်ထရမ့်က ရက်ရွှေ့ဆိုင်းခဲ့သည်။

















