အမေရိကန်၌ COVID-19 ဖြင့် သေဆုံးသူ ၂၅၀၀၀၀ ကျော်ရှိ

အမေရိကန်၌ COVID-19 ဖြင့် သေဆုံးသူ ၂၅၀၀၀၀ ကျော်ရှိ

ဝါရှင်တန် နိုဝင်ဘာ ၁၉ - အမေရိကန်ပြည်ထောင်စု၌ နိုဝင်ဘာ ၁၈ ရက်အထိ COVID-19 ဖြင့် သေဆုံးသူ ၂၅၀၀၀၀ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရသိရပြီး တတိယလှိုင်း၏ ရိုက်ခတ်မှု ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ဝန်ပိလာပြီဖြစ်သည်။

နိုဝင်ဘာ ၁၈ ရက်နေ့အထိ ဆေးရုံတင်ရသူဦးရေ ၇၈၆၃၀ ဦးရှိနေပြီဖြစ်ကြောင်း ရိုက်တာ၏ စာရင်းအင်းများအရသိရပြီး ကပ်ရောဂါကာလအတွင်း၌ တစ်ရက်အတွင်း ဆေးရုံတင်ရသူဦးရေ စံချိန်တင်ခဲ့သည်။

ရောဂါကူးစက်မှု နှေးကွေးသွားစေရန်အတွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် စီမံဆောင်ရွက်မှုအမျိုးမျိုး လုပ်ဆောင်ခဲ့ကြရသည်။ ကလိဗ်လန်းရှိ ပြည်သူများကို နေအိမ်တွင်သာ နေထိုင်စေရန် ညွှန်ကြားခဲ့ကြပြီး အပြင်ထွက်လျှင် နှာခေါင်းစည်း မတပ်မနေရအမိန့်ကို ထုတ်ပြန်ခဲ့ကြသည်။ နယူးယောက်ရှိ စာသင်ကျောင်းများတွင် လူချင်းထိတွေ့စာသင်ကြားမှုကို နိုဝင်ဘာ ၁၉ ရက်မှစတင်ကာ ရပ်ဆိုင်းပစ်ခဲ့သည်။

လွန်ခဲ့သော ခုနစ်ရက်အတွင်း အမေရိကန်တွင် တစ်ရက်အတွင်း သေဆုံးသူ ၁၁၇၆ ဦးရှိပြီး အိန္ဒိယနှင့် ဘရာဇီး နှစ်နိုင်ငံပေါင်း တစ်ရက်ပျမ်းမျှ လူသေနှုန်းထက် မြင့်မားနေသည်။ အိန္ဒိယနှင့် ဘရာဇီးတို့သည် အမေရိကန်ပြီးလျှင် COVID-19 ဒဏ်ကို အဆိုးရွားဆုံးခံနေရသည့် နိုင်ငံများဖြစ်သည်။

ကပ်ရောဂါစတင်ချိန်မှစ၍ လက်ရှိအချိန်အထိ အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်သူ ၁၁ ဒသမ ၄ သန်းကျော်ရှိနေသည်။ တစ်ရက်အတွင်း ကူးစက်သူသစ် ၁၅၈၀၀၀ နီးပါးရှိမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ COVID-19 ကူးစက်သူ ၂၆ ဦးတွင် အမေရိကန်က တစ်ဦးပါဝင်နေ ကြောင်း ရိုက်တာ၏ စာရင်းအင်းများအရ သိရသည်။

တစ်ဦးချင်းစီအလိုက် ရောဂါဖြစ်ပွားမှုအပေါ်တွင် အခြေခံတွက်ချက်မှုအရ အနောက်အလယ်ပိုင်းဒေသသည် လက်ရှိတွင် ကူးစက်ရောဂါဒဏ်ကို အပြင်းထန်ဆုံးခံနေရသည်။ မြောက်ဒါကိုတာ၊ တောင်ဒါကိုတာ၊ ဝစ္စကွန်ဆင်၊ အိုင်ယာဝါနှင့် နီဘရာစကား ပြည်နယ်များသည် အမေရိကန်ပြည်ထောင်စုတွင် COVID-19 အဆိုးရွားဆုံးခံနေရသော ပြည်နယ်များဖြစ်ကြသည်။