ဘန်ကောက် နိုဝင်ဘာ ၁၉ - ဝန်ကြီးချုပ်နုတ်ထွက်ပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးကာ ဘုနစ်စနစ်ပြုပြင်ပြောင်းလဲရန် တောင်းဆိုထားသည့် ဆန္ဒပြသူများအား အရေးယူရန် ရှိသမျှဥပဒေအားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုဝင်ဘာ ၁၉ ရက်တွင် သတိပေးပြောဆိုခဲ့သည်။
ဆန္ဒပြသူများအား မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် နိုဝင်ဘာ ၁၈ ရက်တွင် ဆန္ဒပြသူများသည် ဘန်ကောက်ရှိ ရဲတပ်ဖွဲ့ရုံးချုပ်ကို မှုတ်ဆေးများဖြင့် ဖြန်းပက်ခဲ့သည်။
“အခြေအနေက တိုးတက်မလာဘူး၊ နောက်ထပ်အကြမ်းဖက်မှုတွေဖြစ်ဖို့ တာစူနေပြီ၊ အခုမဖြေရှင်းဘူးဆိုရင် နိုင်ငံနဲ့ အားလုံးချစ်ခင်ကြည်ညိုတဲ့ ဘုရင်စနစ်လည်း ထိခိုက်တော့မယ်” ဟု ပရာယွတ်က ပြောဆိုခဲ့သည်။
အစိုးရသည် နှိမ်နင်းမှုများကို ပိုမိုတိုးမြှင့်ပြီး ဥပဒေချိုးဖောက်သည့် ဆန္ဒပြသူများအား အရေးယူရန် ဥပဒေအားလုံးကို အသုံးပြုမည်ဖြစ်ကြောင်း ပရာယွတ်က ဆက်လက်ပြောဆိုခဲ့သည်။

















