Pfizer ထုတ် COVID-19 ကာကွယ်ဆေး အသက် ၆၅ နှစ်ကျော်အရွယ်များတွင် ၉၄ ရာခိုင်နှုန်း ထိရောက်မှုရှိ

Pfizer ထုတ် COVID-19 ကာကွယ်ဆေး အသက် ၆၅ နှစ်ကျော်အရွယ်များတွင် ၉၄ ရာခိုင်နှုန်း ထိရောက်မှုရှိ

ဝါရှင်တန် နိုဝင်ဘာ ၁၉ - ဆေးဝါးကုမ္ပဏီများဖြစ်သည့် Pfizer နှင့် BioNTech တို့က ထုတ်လုပ်ထားသည့် COVID-19 စမ်းသပ်ကာကွယ်ဆေးသည် အသက် ၆၅ နှစ်ကျော်အရွယ်များတွင် ၉၄ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ကနဦးထုတ်ပြန်သည့် ရလဒ်များအရ သိရသည်။

ထို့ပြင် Pfizer နှင့် BioNTech တို့ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးသည် အသက်အရွယ်မရွေး၊ လူမျိုးမရွေး ထိရောက်မှုရှိနေကြောင်းလည်း အဆင့်(၃)စမ်းသပ်မှု ကနဦးရလဒ်များအရ သိရသည်။ အမေရိကန်ပြည်ထောင်စု၌ အရေးပေါ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အတွက် ခွင့်ပြုချက် လျှောက်ထားမည်ဖြစ်ကြောင်း ကုမ္ပဏီများက ပြောဆိုခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ အစမ်းသပ်ခံ ၄၁၀၀၀ ကျော်တို့ကို စမ်းသပ်မှုရလဒ်များအရ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အမေရိကန်ကုမ္ပဏီ Moderna ကလည်း ၎င်းတို့ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးသည် ၉၅ ရာခိုင်နှုန်းထိရောက်မှုရှိကြောင်း လွန်ခဲ့သောအပတ်တွင် ထုတ်ပြန်ခဲ့သည်။

Pfizer နှင့် BioNTech က ထုတ်လုပ်ထားသည့် ကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားလည်းမရှိကြောင်း သိရသည်။ သို့သော် အစမ်းသပ်ခံ နှစ်ရာခိုင်နှုန်းကမူ ခေါင်းမူးခေါင်းကိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ အစမ်းသပ်ခံများအနက် ၄၂ ရာခိုင်နှုန်းသည် လူမျိုးဘာသာကွဲပြားသူများဖြစ်ကြပြီး ၄၁ ရာခိုင်နှုန်းသည်  အသက် ၅၆ မှ ၈၅ နှစ်ကြားအရွယ်များဖြစ်ကြသည်။ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ တူရကီ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် အာဂျင်တီးနားတို့ရှိ နေရာ ၁၅၀ တို့တွင် စမ်းသပ်မှုပြုလုပ်နေခြင်းဖြစ်သည်။

ယခုနှစ်တွင် တစ်ကြိမ်ထိုး ကာကွယ်ဆေးပမာဏ သန်း ၅၀ နှင့် လာမည့်နှစ်တွင် ၁ ဒသမ ၃ ဘီလီယံအထိ ထုတ်လုပ်ပေးနိုင်ကြောင်း ကုမ္ပဏီများက ပြောဆိုခဲ့သည်။ ဗြိတိန်သည် အဆိုပါကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ သန်း ၅၀ ကို မှာယူထားပြီး ယခုနှစ်အကုန်တွင် ၁ဝ သန်းရရှိမည်ဖြစ်သည်။

ရီလွင် ဘာသာပြန်သည်။