၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ပါတီမှာ တောင်ပြိုကမ်းပြိုနိုင်ပြီး NLD အစိုးရ ဖွဲ့ပိုင်ခွင့် ရခဲ့ကာ၊ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဟူသောအဆိုအမိန့်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများက သက်သေပြလိုက်ခြင်းပင် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
လက်ရှိတွင် အထွေထွေရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများမှလည်း အသိအမှတ်ပြုနေ ခဲ့ကြပြီး အနိုင်ရ NLD ကို ဂုဏ်ပြုစာများ ပေးပို့ခဲ့ကြပြီး ဖြစ်ကြောင်း၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ကနဦး အစီရင်ခံစာများကလည်း လွတ်လပ်၍ တရားမျှတသည်ဟု ဖော်ပြခဲ့ကြကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း အနိုင်ရကိုယ်စားလှယ်များကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
"NLD ကို တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒရှင်များက ထောက်ခံအားပေး လိုက်တဲ့အတွက် ၂၀၁၅ ခုနှစ်ကလိုပဲ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သောင်ပြိုကမ်းပြိုနိုင်ပြီး NLD အစိုးရဖွဲ့ခွင့် ရသွားပါပြီ။ အာဏာသည် ပြည်သူ့ထံက ဆင်းသက်သည်ဟူသော အဆိုအမိန့်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများက သက်သေပြလိုက်ခြင်း ဖြစ်ပါသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ပြည်သူ့အောင်ပွဲအဖြစ် ကမ္ဗည်းတင်သွားပြီဖြစ်ပါတယ်"ဟု ဒေါက်တာ ဇော်မြင့်မောင်က ၎င်း၏လူမှု ကွန်ရက်စာမျက်နှာမှ နိုဝင်ဘာ ၁၉ ရက်က ပြောကြားထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တိုင်းလုံးကျွတ် အနိုင်ရခဲ့ကာ၊ ပြည်သူ့လွှတ်တော် ၂၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၂၈ မြို့နယ်လုံး အနိုင်ရခဲ့ကာ၊ အမျိုးသားလွှတ်တော်နေရာ ၁၀ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်နေရာ ၅၆ နေရာစလုံးကို ရာနှုန်းပြည့် အနိုင်ရခဲ့သည်။ ထို့အတူ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နေရာ အတွက်လည်း အနိုင်ရခဲ့သဖြင့် ရာနှုန်းပြည့်အနိုင်ရခြင်းဖြစ်သည်ဟု ကြွေးကြော်နိုင်ခြင်းဖြစ်ကြောင်း ပြောသည်။
"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် တိုင်းလုံးကျွတ်အနိုင်ရပြီးနောက် နှစ် ၃၀ အကြာ ဒုတိယအကြိမ် ရာနှုန်းပြည့် တိုင်းလုံးကျွတ် အောင်ပွဲဆင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှုံးခဲ့တဲ့ မိတ္ထီလာ၊ ပျော်ဘွယ်၊ သာစည်၊ ရမည်းသင်းတို့မှာ ယခုတစ်ကြိမ် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရရှိခြင်းက လည်း မန္တလေးတိုင်း ရွေးကောက်ပွဲသမိုင်းကို လင်းလက်စေခဲ့ပါတယ်။ အဲဒီမြို့နယ်များက မဲဆန္ဒရှင်ပြည်သူများ ရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးပမ်းမှုများကြောင့် ဖြစ်တယ်လို့ ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါတယ်"ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အနိုင်ရရှိခဲ့မှုအတွက် မဲဆန္ဒရှင် ပြည်သူများနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်အောင် ဆောင်ရွက်ပေးခဲ့ ကြသော တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ထိုသို့ ကျေးဇူးတင်ကြောင်းကို နိုဝင်ဘာ ၉ ရက် ညကတည်းက ရေးချင် (ပြောချင်) ခဲ့သော်လည်း အချိန်ကို စောင့်ဆိုင်း နေရသည့် အတွက် အားမလိုအားမရဖြစ်ခဲ့ရကြောင်းနှင့် နောက်ကျခဲ့သည့်အတွက် တောင်းပန်လိုကြောင်း ပြောသည်။
"ပြည်သူတွေရဲ့ အသိပညာ ပိုပွင့်လာတယ်လို့ ပြောရမှာပါပဲ။ ပြည်သူလူထုက အမှားအမှန်ကို ခွဲခြားနိုင် လာတယ်၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်လာတယ်၊ ပြည်သူကို မျက်နှာမူတဲ့အစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲ၊ ဘယ်လိုနိုင်ငံရေး ပါတီလဲဆိုတာကို သူတို့ကိုယ်တိုင် စနစ်တကျရွေးချယ်လာနိုင်တယ်လို့ပဲ သုံးသပ်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမှုဆောင်အဖွဲ့အတွင်းရေးမှူး၊ တိုင်းအောင် နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးတင်ကိုကိုက NLD အနိုင်ရခဲ့မှုအပေါ် သုံးသပ်ပြောကြားထားသည်။

















