ချင်းတောင်ဒေသတွင် COVID-19 ကာလ ကြက်ဥအရောင်းအဝယ် ကောင်းလာဟုဆို

ချင်းတောင်ဒေသတွင် COVID-19 ကာလ ကြက်ဥအရောင်းအဝယ် ကောင်းလာဟုဆို

ကလေး၊ ချင်းတောင်ဒေသတွင် ကြက်ဥကိုအလွယ် တကူဝယ်ယူရရှိနိုင်ပြီး ချက်ပြုတ်စားသောက်နိုင်သည့်အတွက် စျေးကွက်တွင်အရောင်းအဝယ်သွက်နေပြီး ကြက်မွေးသူများနှင့် ကြက်ဥအရောင်းအဝယ်လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ဌေးက ပြောသည်။

''COVID-19 ကာလကအခုဆိုရင် ကိုးလ၊ ဆယ်လဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ အိမ်ထောင်စုအတော်များများကလည်း စျေးဝယ်စျေးသွားမလုပ်ကြတော့ဘူး။ အသားငါးဝယ်စားတာထက် အလွယ်တကူ ဝယ်ယူရနိုင်တဲ့ကြက်ဥကို ဝယ်စားကြပါတယ်။ ကလေးဒေသထွက်ကြက်ဥကိုချင်းတောင်တစ်တောင်လုံးနဲ့ ချင်းတွင်းအထက်ပိုင်းမြို့တွေဖြစ်တဲ့ ကလေး၊ကလေးဝ၊ မင်းကင်း၊ တမူးမြို့တွေကို သေတ္တာရိုက်ပြီး တင်ပို့ရောင်းရပါတယ်''ဟု ၎င်းကပြောသည်။

ကလေးခရိုင် တိမွေးကုဌာနကထုတ်ပြန်သည့်သတင်းများအရ ကလေးမြို့နယ်တွင် ဥစားကြက်မွေးမြူရေး လုပ်ကိုင်သူဦးရေ ၄ဝဝ ဝန်းကျင်ရှိပြီးဥစားကြက်အကောင်(၅ဝဝ)မှအကောင်(၃ဝဝဝ)အထိမွေးမြူမှုရှိသည်။ကလေးဒေသမှ နေ့စဉ်ကြက်ဥအလုံးသိန်းချီထုတ်လုပ်သည်။ ကလေးဒေသတွင် ကြက်ဥကိုအလုံးအရေအတွက်ဖြင့် အရောင်းအဝယ်ဖြစ်ပြီးကြက်ဥအလုံးလှလှတစ်လုံးကို ၁ဝဝ ကျပ်နှုန်း ဖောက်သည်စျေးရှိပြီးလက်လီအရောင်းအဝယ်သမားများက ကြက်ဥရှစ်လုံးကို ကျပ် ၁ဝဝဝဖြင့် ရောင်းချကြောင်း သိရသည်။

''COVID-19 ကာလမှာ အသွားအလာတွေပိတ်ထားတယ်ဆိုပေမယ့်စားသောက်ကုန်စည်တွေကတော့ နေ့စဉ်အသွားအလာ ရှိပါတယ်။ ချင်းတောင်ပေါ်မှာရှိတဲ့ ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ရိဒ်နေ့စဉ်ကုန်တင်ပို့လို့ ရပါတယ်။ ချင်းတွင်းအထက်ပိုင်းမြို့တွေကိုလည်းလိုင်းစက်လှေတွေနဲ့တင်ပို့ပါတယ်။ တမူးနယ်စပ်ကိုလည်းကုန်စည်ပို့ကားတွေသွားနေတော့ ကလေးဒေသ မွေးမြူရေးခြံကထွက်တဲ့ ကြက်ဥတွေ၊အသားစားကြက်တွေ၊ နေ့စဉ်အရောင်းအဝယ်ဖြစ်ပါတယ်။ အရောင်းအဝယ်ဖြစ်နေတော့စျေးမတက်ပါဘူး'' ဟု ကလေးမြို့မြို့မစျေးကြီးမှကြက်ဥကြက်သားရောင်းသူ ဒေါ်လှအေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး