တောင်သြစတြေးလျပြည်နယ်၌ COVID-19 လူနာ လိမ်လည်ထွက်ဆို၍ ကူးသန်းသွားလာမှု ပိတ်ပင်ခဲ့ရ

တောင်သြစတြေးလျပြည်နယ်၌ COVID-19 လူနာ လိမ်လည်ထွက်ဆို၍ ကူးသန်းသွားလာမှု ပိတ်ပင်ခဲ့ရ

ဆစ်ဒနီ နိုဝင်ဘာ ၂၀ - သြစတြေးလျနိုင်ငံ တောင်သြစတြေးလျပြည်နယ်၌ COVID-19 အတည်ပြုလူနာတစ်ဦးက ထိတွေ့မှုခြေရာခံသူများအား လိမ်လည်ထွက်ဆိုမှုကြောင့် ကူးသန်းသွားလာမှုပိတ်ပင်ချက် ခြောက်ရက်ချမှတ်ခဲ့ရပြီး ပြည်နယ်တစ်ဝန်းတွင် ကန့်သတ်ချက်များ ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြည်နယ်အာဏာပိုင်များက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလွန်အမင်းကူးစက်မြန်သည့် ဗိုင်းရပ်စ်ရှိနေသည့်အတွက် စီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းကာ အများပြည်သူအနေဖြင့် နေအိမ်မှာသာနေထိုင်ရန် အာဏာပိုင်များက ညွှန်ကြားချက်ထုတ်ပြန်ပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပီဇာဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သည့် အမျိုးသားတစ်ဦးသည် ပီဇာဆိုင်တွင် လုပ်ကိုင်နေကြောင်း ဝန်ခံခြင်းမရှိဘဲ ပီဇာဆိုင်သို့ ဝယ်ယူရန် တစ်ခေါက်သွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ပြည်နယ်ကြီးချုပ် စတီဗင်မာရှယ်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ယင်းကြောင့် အဆိုပါအမျိုးသားသည် ပီဇာဆိုင်တွင် အခြားကူးစက်သူများနှင့် အချိန်အဆိုင်းများစွာလုပ်ကိုင်ခဲ့သည်ကို အာဏာပိုင်များက မသိရှိရတော့ဘဲ အချိန်တိုအတွင်း ကူးစက်မှုနှုန်းမြန်သည့် ဗိုင်းရပ်စ်ကြောင့်သာ ကူးစက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ကောက်ချခဲ့ခြင်းဖြစ်သည်။ အကျိုးဆက်အဖြစ် ကူးစက်သူတစ်ဦးသည် ၂၄ နာရီအတွင်း အခြားလူများထံသို့ ဆက်လက်ကူးစက်နိုင်စွမ်းမြင့်မားသည်ဟု ကျန်းမာရေးအရာရှိများက မှတ်ယူကာ ကူးသန်းသွားလာမှုပိတ်ပင်ချက် ချမှတ်ရန် တိုက်တွန်းခဲ့ကြသည်။

အဆိုပါလူပုဂ္ဂိုလ်၏ တစ်ကိုယ်ကောင်းဆန်သော အပြုအမူကြောင့် ပြည်နယ်တစ်ခုလုံး အကျပ်အတည်းနှင့် ကြုံခဲ့ရကြောင်း ပြည်နယ်ဝန်ကြီးချုပ် မာရှယ်က ပြောဆိုခဲ့သည်။ နေအိမ်၌သာနေထိုင်ရန် ညွှန်ကြားချက်ကို နိုဝင်ဘာ ၂၁ ရက် သန်းခေါင်ယံတွင် ရုပ်သိမ်းမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း မာရှယ်က ပြောဆိုခဲ့သည်။

လူဦးရေ ၁ ဒသမ ၈ သန်းရှိသော တောင်သြစတြေးလျ၌ နောက်ဆုံး အစုလိုက်အပြုံလိုက် ကူးစက်မှုအတွင်း ကူးစက်သူ ၂၅ ဦးရှိနေသည်။ ဗြိတိန်မှပြန်လာသည့် ခရီးသွားတစ်ဦးထံမှအစပြုကာ ဆက်လက်ကူးစက်ခဲ့ခြင်းဖြစ်သည်။