ဟိုက်ဒရိုဂျင်ထုတ်လုပ်ရောင်းချရေးတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နေကြောင်း မလေးရှား Petronas ပြော

ဟိုက်ဒရိုဂျင်ထုတ်လုပ်ရောင်းချရေးတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နေကြောင်း မလေးရှား Petronas ပြော

ကွာလာလမ်ပူ နိုဝင်ဘာ ၂၀ - ကမ္ဘာတစ်ဝန်း ကာဘွန်ကင်းစင်သော စွမ်းအင်အရင်းအမြစ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဟိုက်ဒရိုဂျင်ထုတ်လုပ်ရောင်းချနိုင်ရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံနေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petronas က နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီသည် သဘာဝဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များတွင်လည်း ပိုမိုရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ဟိုက်ဒရိုဂျင်ထုတ်လုပ်ရောင်းချနိုင်ရေးတွင် ရင်းနှီးမြှုပ်နှံမှု အရှိန်ရနေပြီဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ် တန်ကူမိုဟမ္မဒ် တောက်ဖစ်တန်ကူအာဇစ်က အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အမှုဆောင်အရာရှိချုပ်များ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

အာရှရှိ ဖောက်သည်များကလည်း ဟိုက်ဒရိုဂျင် ပိုမိုလိုအပ်ကြောင်း ပြောဆိုနေသည်ဟု ၎င်းကပြောဆိုခဲ့သည်။ ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ စတုတ္ထအများဆုံးတင်ပို့နေသည့် Petronas က ၂၀၅၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံးရှိစေရမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကိုသာ အားကိုးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

ဟိုက်ဒရိုဂျင်ကို သိုလှောင်ပို့ဆောင်ရေးတွင် အခက်အခဲရှိနေဆဲဖြစ်ကြောင်း တန်ကူမိုဟမ္မဒ်တောက်ဖစ်ကပြောဆိုခဲ့သည်။ ဂျပန်သည်လည်း ဟိုက်ဒရိုဂျင်စီမံကိန်းကို ဖော်ဆောင်နေပြီဖြစ်သော်လည်း ဟိုက်ဒရိုဂျင်ဈေးနှုန်းသည် လာမည့် နှစ်ပေါင်း ၂၀ အတွင်း သဘာဝဓာတ်ငွေ့ဈေးနှုန်းနှင့် တူညီရန်လိုအပ်ကြောင်း ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန(METI) ကိုယ်စားလှယ်တစ်ဦးက အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကျဆင်းရေးတွင် ဟိုက်ဒရိုဂျင်သည် အရေးပါသည့်ကဏ္ဍမှပါဝင်နေကြောင်း METI ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနခွဲအကြီးအကဲ တာကဲရှီဆိုဒါက ပြောဆိုခဲ့သည်။