ပေကျင်း နိုဝင်ဘာ ၂၀ - စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၂၀ ( ဂျီ-၂၀) သဘောတူညီမှုမူဘောင်အရ တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများအား လျော်ပေးသည့် ကြွေးမြီပမာဏသည် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံခန့်တန်ဖိုးရှိနေကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီး လျူခန်းက နိုဝင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
အာဖရိကနိုင်ငံများအနေဖြင့် COVID-19 ကြောင့် ကြွေးမြီအကျပ်အတည်းကြုံနေရပြီး ဂျီ-၂၀ နိုင်ငံများက ကြွေးမြီဆိုင်းငံ့ထားမှုထက် ပိုလွန်သော အကူအညီများကို လိုအပ်နေချိန်တွင် တရုတ်အစိုးရက အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တရုတ်၏ ပြည်ပချေးငွေကိုတာဝန်ယူရသည့် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်နှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုဌာနတို့သည် နိုင်ငံ ၂၃ နိုင်ငံ၏ ကြွေးမြီများကို ဆိုင်းငံ့ပေးခဲ့ပြီး ဆိုင်းငံ့ကြွေးမြီပမာဏသည် ဒေါ်လာ ၁ ဒသမ ၃၅၃ ဘီလီယံရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
တရုတ်၏ ကုန်သွယ်ရေးချေးငွေထုတ်ပေးနေသည့် တရုတ်ဖွံ့ဖြိုးရေးဘဏ်သည် စက်တင်ဘာအကုန်အထိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ချေးငွေဆိုင်ရာသဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ပြီး ယင်းသည် ဒေါ်လာ ၇၄၈ သန်း ပမာဏရှိခဲ့ကြောင်း လျူက ပြောဆိုခဲ့သည်။
သို့သော် ဆိုင်းငံ့နှင့် လျော်ပေးသည့် ကြွေးမြီပမာဏသည် တရုတ်က ထုတ်ပေးထားသည့် ချေးငွေပမာဏနှင့် နှိုင်းယှဉ်လျှင် မဆိုသလောက်သာရှိနေသည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများက ဂျီ-၂၀ နိုင်ငံများအား ပေးအပ်ရမည့် ကြွေးမြီပမာဏသည် ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၁၇၈ ဘီလီယံရှိခဲ့ပြီး ယင်းတို့အနက် ၆၃ ရာခိုင်နှုန်းသည် တရုတ်သို့ ပေးအပ်ရမည့် ပမာဏဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏လေ့လာမှုအရ သိရသည်။
အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် အခြားဂျီ-၂၀ နိုင်ငံများသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများအား ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအထိ ကြွေးမြီဆိုင်းငံ့ပေးခဲ့ပြီး လာမည့်နှစ် ဧပြီတွင် နောက်ထပ်ခြောက်လ သက်တမ်းတိုးသင့်မသင့်ကို ဆုံးဖြတ်မည်ဖြစ်သည်။

















