နယူးဒေလီ နိုဝင်ဘာ ၂၀ - အိန္ဒိယနိုင်ငံ၌ နိုဝင်ဘာ ၁၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၅၈၈၂ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ကိုးသန်းကျော်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယသည် အမေရိကန်ပြည်ထောင်စုပြီးနောက် COVID-19 ကူးစက်သူ ကိုးသန်းပြည့်မြောက်သည့် နိုင်ငံဖြစ်လာခဲ့ပြီဖြစ်သည်။ သို့သော် အိန္ဒိယ၌ စက်တင်ဘာတွင် နေ့စဉ်ကူးစက်သူဦးရေ မြင့်တက်ခဲ့ပြီးနောက် နေ့စဉ်ကူးစက်သူဦးရေ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့သည်။
အိန္ဒိယ၌ နိုဝင်ဘာ ၁၉ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၅၈၄ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၁၃၂၁၆၂ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အိန္ဒိယ၌ ယခုလအတွင်း ပွဲတော်ကြီးတစ်ခုကို ကျင်းပခဲ့သောကြောင့် ကူးစက်သူဦးရေ ပြန်တက်လာနိုင်ကြောင်း အစိုးရအရာရှိများနှင့် ကျွမ်းကျင်သူများက သတိပေးထားသည်။
မြို့တော် နယူးဒေလီ၌ နှာခေါင်းစည်းမတပ်သူများအပေါ် ချမှတ်သည့် ဒဏ်ငွေကို လေးဆတိုးမြှင့်ပြီး ရူပီး ၂၀၀၀ (၂၇ ဒေါ်လာ) ကောက်ခံနေပြီဖြစ်သည်။ သတိပေးစကားဖြင့် မလုံလောက်သည့်အခါတွင် စည်းမျဉ်းများကို ပိုမိုတင်းကျပ်ရမည်ဖြစ်ကြောင်း ဒေလီဝန်ကြီးချုပ် အာရဝိန္ဒကီဇရီဝယ်က ပြောဆိုခဲ့သည်။ လူဦးရေ သန်း ၂၀ ရှိသည့် နယူးဒေလီသည် စစ်ဖြစ်နေသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကီဇရီဝယ်က ပြောဆိုခဲ့သည်။
ဒေလီ၌ ဇွန်မှစ၍ နှာခေါင်းစည်းမတပ်မှုဖြင့် လူ ၅၀၀၀၀၀ ခန့်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမနေမှုဖြင့် လူ ၃၇၀၀၀၀ ခန့်နှင့် အများပြည်သူဆိုင်ရာနေရာများ၌ တံတွေးထွေးမှုဖြင့် လူ ၃၅၀၀ ခန့်ကို ဒဏ်ငွေချမှတ်ခဲ့ရပြီးဖြစ်သည်။

















