ဂျိုးဘိုင်ဒင် အမေရိကန်သမိုင်းတစ်လျှောက် အသက်အကြီးဆုံး သမ္မတဖြစ်လာမည်

ဂျိုးဘိုင်ဒင် အမေရိကန်သမိုင်းတစ်လျှောက် အသက်အကြီးဆုံး သမ္မတဖြစ်လာမည်

ဝါရှင်တန် နိုဝင်ဘာ ၂၀ - အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိထားသည့် ဂျိုးဘိုင်ဒင်သည် နိုဝင်ဘာ ၂၀ ရက်တွင် အသက် ၇၈ နှစ်ပြည့်ပြီဖြစ်ပြီး ၎င်းသည် အမေရိကန်သမိုင်းတစ်လျှောက်တွင် အသက်အကြီးဆုံး သမ္မတဖြစ်လာမည်ဖြစ်သည်။

ရိုနယ်ရီဂန်သည် သမ္မတသက်တမ်းကုန်ဆုံးသည့် ၁၉၈၉ ခုနှစ်တွင် အသက် ၇၇ နှစ်နှင့် ၃၄၉ ရက်ရှိခဲ့သည်။ လက်ရှိသမ္မတဒေါ်နယ်ထရမ့်သည် ဂျိုးဘိုင်ဒင်အောက် လေးနှစ်ငယ်သူဖြစ်သည်။ ဂျိုးဘိုင်ဒင်သည် စိတ်ပိုင်းအရသာမက ရုပ်ပိုင်းအရပါ သမ္မတတာဝန်နှင့် ထိုက်တန်သူဖြစ်ကြောင်း အမေရိကန်ပြည်သူများကို သက်သေပြရဦးမည်ဖြစ်ကြောင်း ရတ်ဂါစ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ရော့စ်ဘိတ်ကာက ပြောဆိုခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်သည် ယှဉ်ပြိုင်မှုပြင်းထန်သော ပြည်နယ်များသို့သွားရောက်ပြီး အကြီးအကျယ် မဲဆွယ်စည်းရုံးခဲ့သော်လည်း ဘိုင်ဒင်ကမူ မဲဆွယ်စည်းရုံးမှုကို အနည်းငယ်သာပြုလုပ်ခဲ့သောကြောင့် ဘိုင်ဒင်၏ ရုပ်ပိုင်းစွမ်းဆောင်ရည်နှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများရှိခဲ့သည်။ COVID-19 ကူးစက်ရောဂါကြောင့် မဲဆွယ်စည်းရုံးမှုများကို အရှိန်လျှော့ခဲ့ရခြင်းဖြစ်ကြောင်း ဘိုင်ဒင်က ခုခံပြောဆိုခဲ့သည်။

ဘိုင်ဒင်သည် ၎င်း၏ အသက်အရွယ်ကြီးရင့်ပြီဖြစ်သည်ကို ဝန်ခံထားပြီး ၎င်းအောက် အသက် ၂၀ ခန့်ငယ်ရွယ်သည့် ကမလာဟဲရစ်ကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခြင်းမှာလည်း အသက်ငယ်ရွယ်သူများကို ပိုမိုလုပ်ကိုင်ခွင့်ပေးလိုသောကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းသည် အသွင်ကူးပြောင်းရေးသမ္မတသာဖြစ်ကြောင်း ပြောဆိုထားသော်လည်း ဒုတိယသက်တမ်းကို ဝင်ရောက်ယှဉ်ပြိုင်မည်မပြိုင်မည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးချေ။

တစ်ချိန်တည်းမှာပင် ဂျော်ဂျီယာပြည်နယ်၌ ဆန္ဒမဲများကို လက်ဖြင့် ပြန်လည်ရေတွက်မှု ပြီးဆုံးခဲ့ပြီဖြစ်ပြီး ဂျိုးဘိုင်ဒင်အနိုင်ရရှိကြောင်း ဒေသဆိုင်ရာအရာရှိတစ်ဦးက နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

မူလက စက်ဖြင့်ရေတွက်မှု ရလဒ်များမှန်ကန်ကြောင်း လက်ဖြင့်ရေတွက်မှုများက သက်သေခံနေသည်ဟု ဂျော်ဂျီယာပြည်နယ်ရှိ ရွေးကောက်ပွဲတာဝန်ခံ ပြည်နယ်နိုင်ငံခြားရေးဝန်ကြီး ဘရတ်ရက်ဖန်စပါဂျာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းကြောင့် ဘိုင်ဒင်သည် နှစ်ပေါင်း ၃၀ အတွင်း ဂျော်ဂျီယာ၌ ပထမဆုံးအနိုင်ရရှိသည့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဖြစ်လာခဲ့သည်။

ဂျော်ဂျီယာပြည်နယ်ရှိ ဆန္ဒမဲ ငါးသန်းကို ပြန်လည်ရေတွက်မှုတွင် လိမ်လည်မှုများရှိနေပြီး အာဏာပိုင်များက မျှတစွာလုပ်ဆောင်မည်ဆိုပါက ၎င်းသာ အနိုင်ရရှိလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။