ဂျာမနီရှိ COVID-19 ကူးစက်ခံရသည့် ကလေးအများစု စာသင်ကျောင်းပြင်ပ၌ ကူးစက်ခံခဲ့ရခြင်းဖြစ်

ဂျာမနီရှိ COVID-19 ကူးစက်ခံရသည့် ကလေးအများစု စာသင်ကျောင်းပြင်ပ၌ ကူးစက်ခံခဲ့ရခြင်းဖြစ်

ဘာလင် နိုဝင်ဘာ ၂၀ - ဂျာမနီနိုင်ငံ ဟမ်းဘတ်(ဟမ်းဘု)မြို့ရှိ ကလေးများသည် စာသင်ကျောင်းမှာထက် ပြင်ပရှိစုဝေးမှုများတွင် COVID-19 ကူးစက်ခံရနိုင်ခြေ လေးဆပိုများကြောင်း သြဂုတ်နှင့် အောက်တိုဘာလတို့တွင် ရှိခဲ့သည့် COVID-19 ကူးစက်မှုများကို လေ့လာမှုအရသိရသည်။

နွေရာသီနှင့် ဆောင်းရာသီအားလပ်ရက်များတွင် COVID-19 ကူးစက်ခံခဲ့ရသည့် ကလေး ၃၇၂ ဦးအနက် ၇၈ ရာခိုင်နှုန်းသည် စာသင်ကျောင်းပြင်ပ၌ ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး အသက် ၁၂ နှစ်အောက်ကလေးများအနက် ထက်ဝက်ခန့်သည် အသက် ၁၂ နှစ်နှင့်အထက်ကလေးများကဲ့သို့ပင် ကူးစက်နိုင်ခြေများကြောင်း ဟမ်းဘတ်စာသင်ကျောင်းအုပ်ချုပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် ကူးစက်ခံထားရသည့် ကျောင်းသားတစ်ဦးသည် အခြားကျောင်းသားများထံသို့ ဆက်လက်ကူးစက်နိုင်ခြေနည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကလေးအများစုသည် နေအိမ်၊ ပါတီနှင့် အခြားပုဂ္ဂလိကတွေ့ဆုံပွဲများတွင် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

ဟမ်းဘတ်ရှိ စာသင်ကျောင်း ၄၇၂ ခုအနက် ၁၇၁ ခုတို့တွင် COVID-19 ကူးစက်မှုရှိခဲ့သော်လည်း ၎င်းတို့အနက် ၂၃ ခုတို့၌သာ ကူးစက်သူအများအပြားရှိခဲ့သည်။ ဥရောပ၌ COVID-19 ကူးစက်မှုနှုန်းမြင့်တက်နေချိန်တွင် ဂျာမနီ၌လည်း နိုဝင်ဘာ ၂ ရက်မှစ၍ ဘားဆိုင်များနှင့် စားသောက်ဆိုင်များကို ပိတ်သိမ်းပြီး စာသင်ကျောင်းများနှင့် ဈေးဆိုင်များကို ဆက်လက်ဖွင့်လှစ်ခွင့်ပေးသည့် တစ်လကြာ ကူးသန်းသွားလာမှုကန့်သတ်ချက်ကို ချမှတ်ခဲ့သည်။

စာသင်ကျောင်းများတွင် နှာခေါင်းစည်းမတပ်မနေရတပ်ရန်၊ စာသင်ခန်းတွင်းရှိ ကျောင်းသားဦးရေကို လျှော့ချရန် ဝန်ကြီးချုပ် အန်ဂျလာမာကယ်က အဆိုပြုချက်ကို ဂျာမနီရှိ ပြည်နယ်ခေါင်းဆောင်များက ယခုအပတ်တွင် ပယ်ချခဲ့သည်။

ဂျာမနီရှိ စာသင်ကျောင်းများ၌ ကူးစက်သူ ၄၇၅ ဦးရှိနေပြီး နေ့ကလေးထိန်းကျောင်းများ၌ ကူးစက်သူ ၁၀၀ ကျော်ရှိနေကြောင်း ဂျာမနီရှိ ရောဘတ်ခိုးအင်စတီကျုက ထုတ်ပြန်ခဲ့သည်။ ဂျာမနီ၌ COVID-19 ကူးစက်သူ ၈၅၅၉၁၆ ဦးနှင့် သေဆုံးသူ ၁၃၃၇၀ ရှိနေသည်။