မက္ကဆီကို၌ COVID-19 ဖြင့် သေဆုံးသူ ၁၀၀၀၀၀ ကျော်ရှိ

မက္ကဆီကို၌ COVID-19 ဖြင့် သေဆုံးသူ ၁၀၀၀၀၀ ကျော်ရှိ

မက္ကဆီကိုစီးတီး နိုဝင်ဘာ ၂၀ -မက္ကဆီကိုနိုင်ငံ၌ နိုဝင်ဘာ ၁၉ ရက်အထိ COVID-19 ဖြင့် သေဆုံးသူ ၁၀၀၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယတို့ပြီးလျှင် သေဆုံးသူ ၁၀၀၀၀၀ ပြည့်မြောက်သော စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်အထိ သေဆုံးသူ ၁၀၀၁၀၄ ဦးရှိခဲ့ကြောင်း မက္ကဆီကို ကပ်ရောဂါဗေဒဆိုင်ရာ ညွှန်ကြားရေးမှူး ဟိုဆေးလူးဝစ်အလိုမီယာဇာဂါရာက ပြောဆိုခဲ့သည်။ မက္ကဆီကို၌ COVID-19 ကူးစက်သူ တစ်သန်းပြည့်မြောက်ခဲ့ပြီးနောက် တစ်ပတ်နီးပါးအကြာတွင် သေဆုံးသူ ၁၀၀၀၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ စမ်းသပ်စစ်ဆေးမှုများ လျော့နည်းခြင်းကြောင့် ကူးစက်သူပမာဏမှာ ယခုထက်ပိုမို မြင့်မားနေနိုင်ကြောင်း ကျန်းမာရေးအရာရှိများက လက်ခံထားကြသည်။

မက္ကဆီကို၏ လူနေမှုဘဝသည် ကပ်ရောဂါနှင့်အတူ ချစ်ခင်ရသူများ၊ မိတ်ဆွေများကို ဆုံးရှုံးနေရခြင်းဖြင့် ဖြတ်သန်းနေရသည်။ အသက်ရှင်ကျန်ရစ်သူများကလည်း COVID-19 ကပ်ရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုများမှာ အဆိုးရွားဆုံးဖြစ်နေကြောင်း ပြောဆိုကြသည်။

မက္ကဆီကိုသည် သွေးကွဲနေသော နိုင်ငံနှင့်ဆင်တူနေသည်။ လူတချို့သည် အစိုးရိမ်မရှိ နှာခေါင်းစည်းမတပ်ဘဲ သွားလာနေကြသော်လည်း တချို့မှာလည်း အသက်ရှူကျပ်နေပြီဆိုလျှင်ပင် သေဆုံးရတော့မည်ဆိုသည့် စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသည်။