ရောမ နိုဝင်ဘာ ၂၀ - အီတလီနိုင်ငံရှိ လူ ၁ ဒသမ ၇ သန်းအား ၂၀၂၁ ခုနှစ် ဇန်နဝါရီနှောင်းပိုင်းတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားရန် စီစဉ်နေပြီဖြစ်ကြောင်း အီတလီ COVID-19 အရေးပေါ်တုံ့ပြန်ရေးကော်မရှင်နာ ဒိုမင်နီကိုအာကူရီက နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
အစိုးရ၏ အမျိုးသား COVID-19 ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
‘‘ပထမဆုံးရမယ့် ကာကွယ်ဆေးက Pfizer က ထုတ်တဲ့ဆေးဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ ဝယ်ယူရေးအပေါ်အခြေခံပြီး ခွဲတမ်းအရ အီတလီက ပထမအသုတ်မှာ တစ်ကြိမ်ထိုးပမာဏ ၃ ဒသမ ၄ သန်းရရှိမှာ ဖြစ်ပါတယ်’’ ဟု အာကူရီက ပြောဆိုခဲ့သည်။
ဇန်နဝါရီလ ဒုတိယပတ်တွင် အီတလီသို့ ကာကွယ်ဆေးရောက်ရှိလာရန် မျှော်လင့်ထားရှိ ဆေးရရှိသည်နှင့် ထိုးနှံမှုများကို အချိန်မဆိုင်းပြုလုပ်နိုင်ရန် ကျန်းမာရေးဌာနများက အသင့်ပြင်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
‘‘ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံစာ ပမာဏ ၃ ဒသမ ၄ သန်း ရမှာဖြစ်တာကြောင့် လူ ၁ ဒသမ ၇ သန်းကို ဇန်နဝါရီအကုန်ပိုင်းမှာ ထိုးနှံပေးမှာဖြစ်ပါတယ်။ လူတစ်ယောက်ကို ကာကွယ်ဆေး နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး သုံးပတ်ခြားပြီး ထိုးရမှာဖြစ်ပါတယ်’’ ဟု ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။
အီတလီ၌ နိုဝင်ဘာ ၁၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၆၁၇၆ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရပြီး နိုဝင်ဘာ ၁၈ ရက် ကူးစက်သူသစ်ဦးရေထက် ၂၀၀၀ ကျော် ပိုမိုများပြားခဲ့သည်။

















