COVID-19 လူနာများအား Remdesivir ဆေးဖြင့် ကုသခြင်းမပြုရန် WHO အကြံပြု

COVID-19 လူနာများအား Remdesivir ဆေးဖြင့် ကုသခြင်းမပြုရန် WHO အကြံပြု

ပါရီ နိုဝင်ဘာ ၂၀ - ရောဂါအခြေအနေမည်မျှဆိုးရွားသည်ဖြစ်စေ အသက်ရှင်နိုင်ခြေအပေါ် သက်ရောက်မှုမရှိသဖြင့် COVID-19 လူနာများအား remdesivir ဆေးဖြင့် ကုသခြင်းမပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က နိုဝင်ဘာ ၁၉ ရက်တွင် အကြံပြုပြောဆိုခဲ့သည်။

Remdesivir ဆေးဖြင့် ကုသရာတွင် လူနာအတွက် အသက်ရှင်နိုင်ခြေပိုများကြောင်း သက်သေအထောက်အထားခိုင်ခိုင်မာမာ မတွေ့ရှိရဟု WHO ၏ နိုင်ငံတကာကျွမ်းကျင်သူများပါဝင်သော လမ်းညွှန်မှုဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Remdesivir ဆေးသည် လူနာတချို့တွင် ဆေးရုံတက်ရက်ကို လျှော့ချပေးနိုင်ကြောင်း ဖြစ်ရပ်တချို့အရ သိရှိခဲ့ရပြီးနောက် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် နိုင်ငံတချို့သည် အဆိုပါဆေးကို ယာယီခွင့်ပြုချက်ပေးခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်သည်လည်း COVID-19 ကူးစက်ခံရပြီးနောက် Remdesivir အပါအဝင် ဆေးတချို့ဖြင့် ကုသမှုခံယူခဲ့ရသည်။

COVID-19 ဖြင့်ဆေးကုသမှုခံယူနေရသည့် လူနာ ၇၀၀၀ ကျော်တို့ပါဝင်သည့် နိုင်ငံတကာစမ်းသပ်မှုလေးခုအပေါ် အခြေခံကာ WHO က ယခုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ Remdesivir ဆေးကို ထုတ်လုပ်သည့် Gilead ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တွင် ဆေးရောင်းချရမှုတန်ဖိုးသည် ဒေါ်လာ သန်း ၉၀၀ အထိရှိခဲ့ကြောင်း လွန်ခဲ့သောလတွင် ထုတ်ပြန်ခဲ့သည်။

အီဘိုလာဗိုင်းရပ်စ်ကုသရေးအတွက် ကနဦးထုတ်လုပ်ထားသည့် Remdesivir သည် COVID-19 လူနာများတွင် ဆေးရုံတက်ရက်ကို ၁၅ ရက်မှ ၁၁ ရက်အထိ လျှော့ချနိုင်ကြောင်း မေလတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခု၌ ဖော်ပြထားသည်။

ရီလွင် ဘာသာပြန်သည်။