ပေကျင်း နိုဝင်ဘာ ၂၀ - တရုတ်နိုင်ငံသည် ပြဿနာမရှာတတ်သလို မည်သူကိုမျှလည်း မကြောက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့ပါဝင်သည့် မျက်လုံးငါးလုံး မဟာမိတ်အဖွဲ့၏ဝေဖန်မှုကို တုံ့ပြန်သည့်အနေဖြင့် နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဟောင်ကောင်ရှိ ရွေးကောက်ခံလွှတ်တော်အမတ်များကို ထုတ်ပယ်ခဲ့မှုနှင့်ပတ်သက်၍ အဆိုပါငါးနိုင်ငံက ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တောင်းဆိုလိုပြီး ဂရုတစိုက်ဆောင်ရွက်ခြင်းမရှိပါက မျက်လုံးများကို ဖောက်ထုတ်ပစ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရှိသူ ကျောက်လီချန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
မျက်လုံး ငါးလုံးရှိသည်ဖြစ်စေ၊ ၁၀ လုံးရှိသည်ဖြစ်စေ ဂရုမစိုက်ကြောင်း ကျောက်လီချန်းက ပြောဆိုခဲ့သည်။ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ယူဆခံရသည့် နိုင်ငံရေးသမားများအား ထုတ်ပယ်ခွင့်ပြုသည့် ဥပဒေတစ်ခုကို တရုတ်အစိုးရက အတည်ပြုခဲ့ပြီးနောက် ဟောင်ကောင်အစိုးရသည် ဒီမိုကရေစီအရေးလိုလားသည့် အမတ်လေးဦးကို အမတ်အဖြစ်မှ ရပ်ဆိုင်းခဲ့သည်။
တရုတ်အနေဖြင့် ဖယ်ရှားခံရသည့် အမတ်များကို ပြန်လည်ခန့်အပ်ရမည်ဖြစ်ပြီး တရုတ်၏လုပ်ရပ်သည် ဟောင်ကောင်၏လွတ်လပ်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံပါမည်ဆိုသည့် ဥပဒေကြောင်းအရ သက်ရောက်မှုရှိသော ကတိကဝတ်ကို ချိုးဖောက်နေကြောင်း မျက်လုံးငါးလုံး မဟာမိတ်အဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းခဲ့သည်။
မျက်လုံးငါးလုံးသည် အယူအဆရေးရာတိုက်ပွဲဖြစ်နေသည့် စစ်အေးကာလအတွင်း ဆိုဗီယက်ယူနီယံနှင့် မဟာမိတ်များကို တန်ပြန်ရန် အင်္ဂလိပ်စကားပြောနိုင်ငံ ငါးနိုင်ငံက ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

















