မြဝတီမြို့တွင် ခွင့်ပြုချက်မရဘဲဆန္ဒထုတ်ဖော်မည့်သတင်းရ၍ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်

မြဝတီမြို့တွင် ခွင့်ပြုချက်မရဘဲဆန္ဒထုတ်ဖော်မည့်သတင်းရ၍ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်

မြဝတီမြို့တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မည်ဆိုသည့်သတင်းရရှိထားသဖြင့် ဓိဌာန်အောင်ကွင်းနှင့်ရွှေတိဂုံပုံတူအနီး၌ နိုဝင်ဘာ ၂ဝ ရက် နံနက် ၈ နာရီအချိန်က ခရိုင်နှင့်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်နေ ဦးဝင်းကိုနှင့်ဦးမြင့်ဇော်ဦး ဒေါ်နီလာဝင်းတို့မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မုရှင်၏လုပ်ဆောင်ချက်များအားမကျေနပ်၍ လူဦးရေ ၃ဝ ခန့်ဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ရန် ဆန္ဒထုတ်ဖော်ခွင့်အား မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင်တင်ပြခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ခွင့်မပြုခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် နိုဝင်ဘာ ၂ဝ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူများ နှင့်အတူ ဓိဌာန်အောင်ကွင်းနှင့် ရွေတိဂုံစေတီပုံတူအနီးတွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ကြမည်ဟု သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော့်ရုံးကို နိုဝင်ဘာ ၁၇ ရက်မှာ သူတို့ဆန္ဒထုတ်ဖော်ခွင့်လာတင်တယ်၊ အဲဒါကျွန်တော်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့ထံတင်ပြခဲ့ပြီး ၂ဝ၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ အခန်း၃၊ ပုဒ်မ၄။ ပုဒ်မခွဲ(စ)ပါ ပြြာန်းချက်နဲ့အညီ မြဝတီမြို့အတွင်းဒေသန္တရစည်းကမ်းချက် အပိုဒ် ၂၄ နဲ့ အပိုဒ် ၂၈ တို့အရ ငြိစွန်းနေတဲ့အတွက်ခွင့်မပြုနိုင်ကြောင်းကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခွင့်တင်ပြသူတွေကိုခေါ်ယူရှင်းလင်းပြောကြားခဲ့ပါတယ်၊ သူတို့ကလည်းရှင်းပြချက်ကိုနား လည်ပြီးပြန်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၂ဝ ရက်မှာ ဝန်းရံသူတွေက ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မယ်လို့သတင်းရတဲ့အတွက် လုံခြုံရေးယူထားတာပါ။

တားဆီးတာ ကိုမလိုက်နာရင်တော့ ဥပဒေအရအရေးယူသွားမှာဖြစ်ပါတယ်''ဟု မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေးက ပြောသည်။ထိုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူထားသည့်အတွက် ဆန္ဒထုတ်ဖော်သူများမှာ ရောက်ရှိလာခြင်းမရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး