အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ၌ သမ္မတထရမ့် ပါဝင်ဆွေးနွေး 

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ၌ သမ္မတထရမ့် ပါဝင်ဆွေးနွေး 

ကွာလာလမ်ပူ နိုဝင်ဘာ ၂၁ - အွန်လိုင်းဗီဒီယိုစနစ်ဖြင့်ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ညီလာခံသို့ နိုဝင်ဘာ ၂၀ ရက်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

အာရှ-ပစိဖိတ်ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်ကာကွယ်ရေးမူဝါဒများကို ဟောပြောခဲ့ခြင်းကြောင့် နိုဝင်ဘာ ၂၀ တွင် ထရမ့်အနေဖြင့် ပူးပေါင်းပါဝင်လာခဲ့ခြင်းဖြစ်သည်။ အာရှ-ပစိဖိတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုညီလာခံအား COVID-19 ကပ်ရောဂါကြောင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရခြင်းဖြစ်ပြီး မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

ထရမ့်အစိုးရလက်ထက်တွင် အာရှ-ပစိတ်ဖိတ်ဒေသဆိုင်ရာ စီးပွားရေးကဏ္ဍပေါင်းစုံမှ အမေရိကန် ထွက်ခွာသွားပြီးနောက် တရုတ်သည် ဒေသတွင်းစီးပွားရေးအတွက် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်ခဲ့သည်။

အာရှ-ပစိတ်ဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံအား ၂၀၁၇ ခုနှစ်မှစ၍ ပါဝင်ခြင်းမရှိတော့သော သမ္မတထရမ့်သည့် ယခုနှစ်ညီလာခံတွင် အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်တစ်ရပ်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်၌ အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့သည်။

ညီလာခံတွင် ပါဝင်ဆွေးနွေးကြသည့် နိုင်ငံအားလုံးသည် ယခုနှစ်၏ APEC ညီလာခံအတွက် တရားဝင်သတ်မှတ်ထားသည့် မလေးရှားဝန်ကြီးချုပ်ရုံး အဆောက်အအုံပုံပါ အပြာနုရောင်နောက်ခံကို အသုံးပြုကြသော်လည်း ထရမ့်ကမူ ဝါညိုနုရောင် နောက်ခံကားဖြင့် ပါဝင်ဆွေးနွေးခဲ့သည်။ ထရမ့်သည် APEC အတွက် တရားဝင်သတ်မှတ်ထားသည့် နောက်ခံကားအား အသုံးပြုရန်ငြင်းဆန်ခဲ့ကြောင်း ညီလာခံဖြစ်မြောက်ရေး သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့သည်။

ညီလာခံတွင် ထရမ့်က အာရှ-ပစိဖိတ်ဒေသတွင်းမှ ခေါင်းဆောင်များနှင့် အပြန်အလှန်ဆွေးနွေးမှုရှိခဲ့သော်လည်း သတင်းထုတ်ပြန်ခြင်းမရှိပေ။ နိုဝင်ဘာ ၂၀ ရက်ဆွေးနွေးပွဲတွင် တရုတ်သမ္မတရှီကျင့်ဖျင်က အာရှ-ပစိဖိတ်ဒေသအနေဖြင့် ငြိမ်းချမ်းမှုနှင့်တည်ငြိမ်ရေးကို ဦးဆောင်ဦးရွက်ပြုနေခြင်းကို ဆက်လက်ထိန်းသိမ်းရန်၊ ပွင့်လင်းသော ကမ္ဘာ့စီးပွားရေးကိုထူထောင်ရန် တိုက်တွန်းသွားခဲ့သည်။

သို့သော် လွတ်လပ်ပြီး ပွင့်လင်းသော ရင်းနှီးမြှုပ်နှံမှုများကို နေ့ချင်းညချင်း မရနိုင်ကြောင်းလည်း ၎င်းက ပြောကြားသွားခဲ့သည်။