COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့်ရရန်အတွက် Pfizer လျှောက်ထား

COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့်ရရန်အတွက် Pfizer လျှောက်ထား

ဝါရှင်တန် နိုဝင်ဘာ ၂၁ - ၎င်းတို့၏ ကုမ္ပဏီမှထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့်ရရှိရန်အတွက် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သို့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း Pfizer ဆေးဝါးကုမ္ပဏီက နိုဝင်ဘာ ၂၀ ရက်၌ ထုတ်ပြန်ခဲ့သည်။ 

၎င်းတို့ကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေးသည် ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း Pfizer က လွန်ခဲ့သည့် ရက်ပိုင်းအတွင်း၌ သတင်းထုတ်ပြန်ခဲ့ပြီးနောက် လျှောက်ထားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအဆင့် စမ်းသပ်မှုများအရ ကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုးမရှိဘဲနှင့် ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ ကျန်းမာရေးအာဏာပိုင်များအနေဖြင့် ၎င်းတို့၏ကာကွယ်ဆေးအား ဒီဇင်ဘာလလယ်ပိုင်း၌ အရေးပေါ်အသုံးပြုခွင့်ပေးလိမ့်မည်ဟု Pfizer ကုမ္ပဏီက မျှော်လင့်နေသည်။

အမေရိကန်ပြည်သူ ၂၅ သန်းအား ထိုးနှံပေးရန်အတွက် လုံလောက်သော ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံစာပမာဏ သန်း ၅၀ အား ယခုနှစ်တွင် လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

FDA အာဏာပိုင်များသည် ကာကွယ်ဆေးနှင့်ပတ်သက်ပြီး လာမည့်ဒီဇင်ဘာလဆန်းပိုင်း၌ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုများပြုလုပ်ရန် စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ကာကွယ်ဆေးနှင့်ပတ်သက်ပြီး နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ Pfizer ၏ ကာကွယ်ဆေးသည် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး၊ ကျား/မ မရွေး ထိရောက်မှုရှိပြီး COVID-19 ရောဂါကို ကာ ကွယ်နိုင်စွမ်းရှိကြောင်း သိရသည်။