အိန္ဒိယတွင် COVID-19 ကူးစက်သူ ကိုးသန်းကျော်ရှိနေပြီဖြစ်

အိန္ဒိယတွင် COVID-19 ကူးစက်သူ ကိုးသန်းကျော်ရှိနေပြီဖြစ်

နယူးဒေလီ နိုဝင်ဘာ ၂၁ - အိန္ဒိယနိုင်ငံ၌ နိုဝင်ဘာ ၂၀ ရက်တွင် COVID-19 ကူးစက်သူ ကိုးသန်း ကျော်လွန်ခဲ့ပြီဖြစ်ကာ ဆေးရုံများဝန်ပိလာပြီဖြစ်ကြောင်းနှင့် သချိုင်းမြေများတွင်လည်း နေရာလွတ်ရှားပါးလာပြီဖြစ်ကြောင်း သိရသည်။ 

COVID-19 ကပ်ရောဂါကို ကမ္ဘာပေါ်၌ ဒုတိယအဆိုးရွားဆုံးခံစားနေရသည့် အိန္ဒိယတွင် သေဆုံးသူ ၁၃၂၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာန၏ နောက်ဆုံးထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။ ဓာတ်ခွဲနမူနာစစ်ဆေးနိုင်မှု အားလျော့လာခြင်းကြောင့် ကူးစက်သူအရေအတွက်မှာ တရားဝင်ထုတ်ပြန်သည့် အချက်အလက်များထက် မြင့်မားနေနိုင်ကြောင်းလည်း သိရသည်။

အိန္ဒိယသည် အောက်တိုဘာလတွင် နေ့စဉ်ကူးစက်သူသစ်ဦးရေ လျော့ကျမှုရှိစေရန် ကြိုးစားဆောင်ရွက်နိုင်ခဲ့သော်လည်း လက်ရှိတွင် ပျမ်းမျှနေ့စဉ်ကူးစက်သူသစ် ၄၅၀၀၀ ဝန်းကျင် ရှိနေသည်။

နေ့စဉ်ကူးစက်သူအရေအတွက် မြင့်မားမှုနှင့် ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ခြင်းကြောင့် နယူးဒေလီမြို့တော်ရှိ လူဦးရေထဲမှ ငါးသိန်းကျော်မှာ COVID-19 ကူးစက်ခံရပြီးဖြစ်ကြောင်း သိရသည်။ ရောဂါကူးစက်မှု မြင့်မားနေခြင်းကြောင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို အစိုးရက ဒဏ်ငွေလေးဆ တိုးမြှင့်ပေးဆောင်စေခဲ့သည်။ ဒေလီမြို့ရှိ အကြီးမားဆုံးသုဿန်တစ်ခုတွင် နေရာလွတ်များ ရှားပါးလာပြီဖြစ်ကြောင်း သုဘရာဇာတစ်ဦးဖြစ်သည့် မိုဟာမက်ရှာမင်က ပြောကြားသည်။

‘‘ဗိုင်းရပ်စ်ပိုး စပြီးကူးစက်တုန်းက ကျွန်တော်ထင်ခဲ့တာ ၁၀၀ ကနေ ၂၀၀ ကြားလောက်ပဲ မြှုပ်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တာ။ ဒါပေမဲ့ အခုအခြေအနေက ကျွန်တော်ထင်ထားတာထက် အဆုံးစွန်ဘက်ကိုရောက်နေပြီ။ နေရာလွတ်က ၅၀ ကနေ ၆၀ လောက်ပဲ ရှိတော့တယ်။ အဲဒါကုန်သွားရင်တော့ ကျွန်တော်လည်း မပြောတတ်တော့ဘူး’’ ဟု မိုဟာမက်ရှာဟင်က ပြောကြားခဲ့သည်။

အိန္ဒိယသည် ဗိုင်းရပ်စ်ကူးစက်မှု နှေးကွေးသွားစေရန်အတွက် မတ်လတွင် ကူးသန်းသွားလာမှု ပိတ်ပင်ချက်များ ချမှတ်ခဲ့သော်လည်း အလုပ်အကိုင်များ သန်းနှင့်ချီ၍ဆုံးရှုံးမှု ဖြစ်ပေါ်လာပြီးနောက် ပိတ်ပင်ချက်များကို ဖြေလျှော့ပေးခဲ့ရသည်။