အော့တဝါ နိုဝင်ဘာ ၂၁ - ကနေဒါနိုင်ငံရှိ ဆေးရုံများအားလုံးတွင် COVID-19 လူနာများ ပြည့်နှက်သွားနိုင်ပြီး နှစ်ကုန်ပိုင်းတွင် ရောဂါကူးစက်ခံရသူ လေးဆခန့် ပိုမိုမြင့်မားလာနိုင်ဖွယ်ရှိကြောင်း ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူးက ပြောကြားခဲ့သည်။ ထို့အပြင် တိုရွန်တိုမြို့ကိုလည်း ကူးသန်းသွားလာမှု ပိတ်ပင်ချက်များ ချမှတ်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
COVID-19 ဒုတိယလှိုင်းသည် ကနေဒါနိုင်ငံတစ်ဝန်းလုံးအား ရိုက်ခတ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် နေအိမ်တွင်သာ အတတ်နိုင်ဆုံးနေထိုင်ကြရန် ဝန်ကြီးချုပ်က ပန်ကြားထားသည်။ ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေသော်လည်း အချို့သော ပြည်သူများမှာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း အာဏာပိုင်များက ပြောဆိုသည်။
ခရစ္စမတ်ပွဲတော်အခမ်းအနားများနှင့် ပတ်သက်ပြီး ပုံမှန်အခြေအနေမျိုးအတွက် မေးခွန်းမေးမြန်းစရာပင် မလိုတော့ကြောင်း ထရူဒူးက အစောပိုင်း၌ ပြောကြားခဲ့ပြီးဖြစ်သည်။ လူအများအနေဖြင့် အပေါင်းအသင်းများနှင့် ခင်မင်ဖော်ရွေစွာ ဆက်လက်နေထိုင်နေကြဦးမည်ဆိုပါက ကူးစက်မှုများ ဆက်လက်မြင့်မားနေဦးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဌာနအကြီးအကဲ ထရီဇာတမ်က ပြောကြားခဲ့ပြီးဖြစ်သည်။
‘‘တိုင်းပြည်တစ်ဝန်းလုံးမှာ ရောဂါကူးစက်မှုတွေက ထုနဲ့ထည်နဲ့ကို ဖြစ်နေပါပြီ။ ကူးစက်မှုမြင့်မားတဲ့အန္တရာယ်နဲ့ ကျွန်တော်တို့ တကယ်ကြုံနေရပြီ ဖြစ်ပါတယ်။ ဆေးရုံတွေအကုန်လုံး လူနာတွေပြည့်သွားလိမ့်မယ်’’ ဟု ဝန်ကြီးချုပ် ထရူဒူးက ဝမ်းနည်းစွာဖြင့် ပြောကြားခဲ့သည်။
ထို့အပြင် ကနေဒါနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး စီးပွားရေးမြို့တော်ဖြစ်သော တိုရွန်တိုအား လာမည့် နိုဝင်ဘာ ၂၃ ရက်၌ ကူးသန်းသွားလာမှု ပိတ်ပင်ချက်များ ချမှတ်မည်ဖြစ်ကြောင်း အွန်တယ်ရီယိုခရိုင် အုပ်ချုပ်ရေးမှူး ဒေါ့ဂ်ဖို့ဒ်က ကြေညာခဲ့သည်။ ချမှတ်ဆောင်ရွက်မည့် ပိတ်ပင်ချက်များအရ ဧည့်သည်လက်ခံတွေ့ဆုံခွင့်ကို တားမြစ်မည်ဖြစ်သည်။ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ရမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

















