သူနာပြုများ ပြည်ပထွက်ခွာခွင့် ဆိုင်းငံ့ထားမှုအား သမ္မတဒူတာတေး ရုပ်သိမ်း

သူနာပြုများ ပြည်ပထွက်ခွာခွင့် ဆိုင်းငံ့ထားမှုအား သမ္မတဒူတာတေး ရုပ်သိမ်း

မနီလာ နိုဝင်ဘာ ၂၁ - သူနာပြုများ ပြည်ပထွက်ခွာခွင့် ယာယီဆိုင်းငံ့မှုထားမှုအား ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်၌  ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် ဖိလစ်ပိုင်သူနာပြုများသည် ပြည်ပတွင် အလုပ်အကိုင်အခွင့်အလမ်းများကို လွတ်လပ်စွာ သွားရောက်ရှာဖွေခွင့် ပြန်လည်ရရှိမည်ဖြစ်သည်။ 

‘‘သူနာပြုတွေနဲ့ အခြားကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာ ချမှတ်ထားတဲ့ ယာယီဆိုင်းငံ့တားမြစ်မှုကို ရုပ်သိမ်းဖို့အတွက် သမ္မတက အတည်ပြုပေးလိုက်ပါပြီ’’ ဟု အလုပ်သမားဝန်ကြီး ဆီဗက်စတြီဘယ်လိုက ပြောကြားခဲ့သည်။

ပြည်တွင်း၌ COVID-19 ကူးစက်မှု နှေးကွေးလာပြီဖြစ်သလို အခြေအနေများ တိုးတက်လာနေခြင်းကြောင့် အစိုးရအနေဖြင့် ကျန်းမာရေးဝန်ထမ်းများအား ခွင့်ပြုခြင်းဖြစ်ကြောင်း ဘယ်လိုက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် COVID-19 ကူးစက်သူနှင့် သေဆုံးသူအရေအတွက် ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ သို့သော် နေ့စဉ်ကူးစက်သူသစ်နှင့် သေဆုံးသူအရေအတွက်တို့မှာ တဖြည်းဖြည်း လျော့ကျလာနေပြီဖြစ်သည်။

ပြည်တွင်းရှိ ကျန်းမာရေးစောက်ရှောက်မှု လုပ်ငန်းစဉ်များနှင့် လုံလောက်သော ကျန်းမာရေးဝန်ထမ်းအရေအတွက် ရှိနေစေရန်အတွက် တစ်နှစ်လျှင် သူနာပြု ၅၀၀၀ ကိုသာ ပြည်ပသို့ ထွက်ခွာခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။