ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) မှ အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်သည် နိုဝင်ဘာ ၂၁ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က မြန်မာတိုင်းမ်ကို အတည်ပြုပြောဆိုသည်။
“ သူတို့အိမ်ရှေ့ ကွမ်းယာဆိုင်မှာ ကွမ်းယာယာနေတုန်း ဆိုင်ကယ်နဲ့လူနှစ်ယောက်ရောက်လာပြီးတော့ ညာဘက်ရင်အုံကို သေနတ်နဲ့ ပစ်ခံရပါတယ်၊ ကျောက်မဲခရိုင်ဆေးရုံပို့နေစဉ်မှာပဲ ဆုံးသွားတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
အသက် ၅၀ နှစ်အရွယ် ဗမာလူတိုင်းရင်းသားတစ်ဦးဖြစ်သော ဦးထိုက်ဇော်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိန်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးစိုးကိုခိုင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှစိုင်းထွန်းလင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းဆမ်လျဲန်း၊ တအာင်း (ပလောင်)အမျိုးသားပါတီမှ ဒေါ်နွယ်နီထွန်း တို့နှင့် ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာရှိ ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ ဦးထိုက်ဇော်ကို ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို ၆ နာရီ ၄၀မိနစ်အချိန်တင်ပို့ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာဖြင့် ၆ နာရီ ၅၀မိနစ်အချိန်တွင်သေဆုံးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကျောက်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ နေအိမ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က နိုင်ငံရေးတွင် အကြမ်းဖက်နည်းများ အသုံးပြုနေသည်ဟု ဝေဖန်သည်။
“ဒီလိုအကြမ်းဖက်တဲ့ နိုင်ငံရေးကို ရှုတ်ချတဲ့ ထုတ်ပြန်ချက်တစ်ခု မကြာခင်မှာ ထုတ်ပြန်သွားပါမယ်” ဟု ၎င်းကပြောသည်။
အထွေထွေရွေးကောက်ပွဲမတိုင်ခင်ကလည်း ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လွှတ်တော်ကိုယ် စားလှယ်လောင်း ၃ ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးပေ။

















