ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၁၆ ရပ်ကွက်တွင် နိုင်ငံတော်အစိုးရကထောက်ပံ့ကြေးငွေ ကျပ်လေးသောင်းထောက်ပံ့ရာတွင် အပြည့်အဝမရရှိဟုဆိုကာ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ထောက်ပံ့ကြေးတိုင်ကြားရေးဌာနသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ရပ်ကွက်ထဲမှာကမပြေလည်တဲ့သူတွေများတယ်။ အခုအစိုးရကအခြေခံလူတန်းစားတွေကိုထောက်ပံ့ကြေးပေးတဲ့အခါမှာ အုပ်ချုပ်ရေးမှူးနဲ့ရုံးအဖွဲ့က ထောက်ပံ့ကြေးပေးတဲ့ပုံတွေမမှန်ဘူး၊ သူတို့နဲ့လက်သင့်တဲ့သူတွေကိုပေးတယ်၊ တစ်ချို့ဝန်ထမ်းတွေရတယ်၊ တစ်ချို့ဝန်ထမ်းတွေမရဘူး၊ တစ်ချို့ အငြိမ်းစားတွေရတယ်၊ တစ်ချို့အငြိမ်းစားတွေမရဘူး၊ထောက်ပံ့ကြေးရတဲ့ စာရင်းထဲမှာဈေးဆိုင်ရှိရင်မရဘူးပြောပေမဲ့ သူနဲ့သင့်တဲ့ ဈေးဆိုင်တွေကို ပေးတယ်၊ထောက်ပံ့ကြေးပေးတဲ့နေရာမှာ မညီမျှတာတွေရှိတယ်၊ ဒါ့ကြောင့်အရှေ့ပိုင်းခရိုင်ထွေအုပ်ရုံးနဲ့ ထောက်ပံ့ကြေးတိုင်ကြားရေးဌာနကို တိုင်ရတာပါ၊လွှတ်တော်ကိုယ်စားလှယ်ဆီကိုလည်းဖြေရှင်းညှိနှိုင်းပေးဖို့ တိုင်ကြားစာ ပို့ထားပါတယ်၊ အထက်လူကြီးတွေကလည်း ပြေလည်အောင်ညှိနှိုင်းပေးမယ်လို့မျှောင်လင့်ပါတယ်'' ဟု (၁၆)ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သည့် ဦးနန်းမြင့်က ပြောသည်။
အစိုးရမှအခြေခံ လူတန်းစားများအား ထောက်ပံ့ကြေးနှစ်သောင်းကျပ်သုံးကြိမ်ပေးရာတွင် ရပ်ကွက်နေသူများအနေဖြင့် အပြည့်အဝရရှိခဲ့ခြင်းမရှိဘဲ တစ်ကြိမ်ရရှိသူ၊ နှစ်ကြိမ်ရရှိသူနှင့်တစ်ကြိမ်မှ ရရှိခြင်းမရှိသူများလည်းရှိသဖြင့် မရရှိသူများနှင့်ထောက်ပံ့ကြေး အကြိမ်ရေအပြည့်မရရှိသူများစုပေါင်းလက်မှတ်ထိုးကာ တိုင်ကြားကြခြင်း ဖြစ်သည်။
''ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့လုပ်ဆောင်ချက်တွေက ပွင့်လင်း မြင်သာမှုမရှိဘူး။ ရပ်ကွက်ထဲမှာအိမ်ထောင်စုပေါင်း ၇၉၅ စုလောက်ရှိတယ်၊ ဒါပေမဲ့အစိုးရက ဆန်၊ဆီ၊ဆားပထမအကြိမ်ထောက်ပံ့တုန်းကလည်း အိမ်ထောင်စု ၃ဝ၇ စုကိုပဲပေးတယ်၊ နှစ်သောင်းသုံးကြိမ်ထောက်ပံ့တော့လည်း အဲဒီ ၃ဝ၇စုကိုပဲပေးတယ်၊ အဲဒီ ၃ဝ၇ စုလုံးကလည်း အကြိမ်ရေအပြည့်အဝမရဘူး၊နှစ်ကြိမ်ရတဲ့သူကနည်းတယ်၊ အထက်ကိုတင်တဲ့စာရင်းကတော့ ဘယ်လောက်ရှိမလဲဆိုတာကတော့ ကျွန်တော်တို့မသိရဘူး၊ အခုလေးသောင်းထောက်ပံ့မယ်ပြောတော့ မပြေလည်တဲ့အိမ်ထောင်စုတွေများလာလို့ အားလုံးပေါင်း ၆၁၄ စုရှိတယ်၊ ဒါ့ကြောင့် တစ်အိမ်ထောင်ကို နှစ်သောင်းစီပဲပေးနိုင်တော့မယ်လို့ သူ့ရုံးရှေ့မှာ စာကပ်တယ်၊နောက်ရက်ကြတော့ ၃ဝ၇ စုကိုပဲပေးတော့မယ်ဆိုပြီး ပြန်ပြောင်းကပ်တယ်၊လေးသောင်းကို ၁၄ ရက်နေ့ကပေးတော့လည်းရတဲ့သူတွေမရတဲ့သူတွေနဲ့ပြဿနာတွေတက်တယ်လို့ကြားပါတယ်''ဟု ဦးနန်းမြင့်က ဆက်လက်ပြောဆိုသည်။
အစိုးရမှထောက်ပံ့ကြေးပေးမည်ဟုဆိုကာ စာရင်းလာကောက်ချိန်၌ဝမ်းသာပျော်ရွှင်ခဲ့ပြီး အမှန်တကယ်ပေးသည့်ထောက်ပံ့ကြေးနှစ်သောင်းကျပ်သုံးကြိမ်နှင့် ထောက်ပံ့ကြေးလေးသောင်းကျပ်ပေးချိန်တို့၌ တစ်ကြိမ်မှမရရှိခဲ့သဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ဒဂုံတောင်/မြောက်လမ်းဆုံတွင် ငပိရည်နှင့်တို့စရာများ ရောင်းချ၍ အသက်မွေးနေရသူ ဒေါ်သန်းဝင်းက ပြောသည်။
''ပထမအကြိမ်သုံးလပိုင်းကတည်းက ၃ဝ၇ ဦးစာရင်းကောက်ပေးတယ်၊အဲဒီအထဲမှာအခြေခံလူတန်းစာတွေကိုပေးတာပါ၊ ဒုတိယတစ်ကြိမ်ထောက်ပံ့တော့ လူစာရင်းထပ်တိုးရောက်လာတယ်၊ဒုတိယတစ်ကြိမ်မှာ စာရင်းက ၃ဝဝ ကျော်ဖြစ်လာတယ်၊ အဲဒီအချိန်မှာ ဒုတိယသမားကိုပေးလိုက်တယ်၊တတိယအကြိမ်ကျလာတယ်၊ ပထမရတဲ့သူ တွေကိုသွားပေးတယ်၊ အခုတစ်ခါ ၄ဝဝဝဝ ကို ပထမသုတ်နဲ့ဒုတိယသုတ်ပေါင်းပြီး နှစ်သောင်းဆီခွဲပေးလိုက်ရင် ကောင်းမလား၊ ညှိနှိုင်းခဲ့တယ်၊ လက်တွေ့မဝေရသေးဘူး၊ အသံထွက်လာတယ်၊ ကျွန်တော်တို့ဆီကိုနောက်တိုးကောက်ပေးပါဆိုတဲ့တရားဝင်စာမလာဘူး၊ ကျွန်တော်တို့လည်းနောက်တိုးမတင်ရဘူး၊ နောက်တိုးမရတဲ့အတွက် ဒီပြဿနာဖြစ်တာပါ''ဟု(၁၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်က ပြောသည်။
















