ပေကျင်း နိုဝင်ဘာ ၂၂ - COVID-19 ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား အကူအညီပေးမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က နိုဝင်ဘာ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ ဆေးဝါးကုမ္ပဏီများနှင့် သုတေသနဌာနများသည် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးကို အသည်းအသန်ကြိုးပမ်းနေပြီး အစမ်းသပ်ခံထောင်ပေါင်းများစွာတို့ဖြင့် စမ်းသပ်မှုများကိုပြုလုပ်နေသည်။ တရုတ်နိုင်ငံ၌လည်း ပြည်တွင်းဖြစ် ကာကွယ်ဆေးငါးမျိုးကို တတိယအဆင့်စမ်းသပ်မှုများပြုလုပ်နေသည်။
COVID-19 ကာကွယ်ဆေး သုတေသနပြုလုပ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ချိခြင်းတို့တွင် အခြားနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း ရှီက စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၂၀ (ဂျီ-၂၀) ရီယာ့ဒ်အစည်းအဝေးတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် ကတိကဝတ်များကို ဖြည့်ဆည်းမည်ဖြစ်ပြီး အခြားဖွံ့ဖြိုးဆဲနိုင်ငံများအား အကူအညီပေးမည်ဖြစ်ကာ နိုင်ငံတိုင်းရှိ နိုင်ငံသားတိုင်း ထိုးခွင့်ရရှိသည့် ကာကွယ်ဆေးဖြစ်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ရှီကပြောဆိုခဲ့သည်။
ထို့ပြင် အစီအစဉ်ကျသော ကမ္ဘာလုံးဆိုင်ရာသွားလာလှုပ်ရှားမှုရှိလာရေးအတွက်လည်း နိုင်ငံတကာခရီးသွားမှုဆိုင်ရာမူဝါဒကိုချမှတ်ရန် ရှီက တိုက်တွန်းခဲ့သည်။ ခရီးသွားများ၏ COVID-19 စစ်ဆေးမှုရလဒ်များကို ဒီဂျစ်တယ် ကျန်းမာရေးကုတ်စနစ်ဖြင့် နိုင်ငံတကာက အသိအမှတ်ပြုလာရေးအတွက် စနစ်တစ်ခုဖန်တီးရေးကို အဆိုပြုမည်ဖြစ်ကြောင်း ရှီက ပြောဆိုခဲ့သည်။

















