ပါကစ္စတန်ရှိ နာမည်ကျော်ဘာသာရေးဆရာ၏ ဈာပန လူထောင်သောင်းပေါင်းများစွာတက်ရောက်

ပါကစ္စတန်ရှိ နာမည်ကျော်ဘာသာရေးဆရာ၏ ဈာပန လူထောင်သောင်းပေါင်းများစွာတက်ရောက်

လာဟိုး နိုဝင်ဘာ ၂၂ - ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၌ နိုဝင်ဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် နာမည်ကျော်ဘာသာရေးဆရာတစ်ဦး၏ ဈာပနသို့ လူထောင်သောင်းပေါင်းများစွာ တက်ရောက်ခဲ့သည်။

အစ္စလာမ်ဘာသာရေးပညာရှင်ဖြစ်သလို ခေါင်းဆောင်လည်းဖြစ်သည့် ခါဒင်ဟူစိန်ရစ်ဇ်ဗီသည် နိုဝင်ဘာ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၄ နှစ်ရှိပြီဖြစ်သည်။ ရစ်ဇ်ဗီ၏ပါတီ တာရီး-အီ-လာဘီယက်သည် လွှတ်တော်တွင်း အမတ်နေရာနှစ်နေရာသာ ရရှိထားသော်လည်း ပါတီသည် အစ္စလာမ်အပေါ်စော်ကားသူများအား သေဒဏ်ချမှတ်ရန်လှုပ်ရှားမှုကို လူထုအင်အားကြီးမားစွာဖြင့် ပြုလုပ်ခဲ့သောကြောင့် ထောက်ခံသူများစွာရှိနေသည်။

ပြင်သစ်နိုင်ငံ၌ တမန်တော်မိုဟမ္မဒ်၏ ရုပ်ပြောင်များကို ပုံနှိပ်ဖော်ပြခဲ့ခြင်းအား ဆန့်ကျင်သည့်အနေဖြင့် နိုဝင်ဘာ ၁၅ ရက်တွင် ရစ်ဇ်ဗီဦးဆောင်သော လူထောင်ပေါင်းများစွာသည် မြို့တော်အစ္စလာမာဘတ်၌ ထိုင်သပိတ်မှောက်ခဲ့ကြသည်။

ပြင်သစ်နှင့် သံတမန်အဆက်အသွယ်ဖြတ်တောက်ပြီး ပြင်သစ်သံအမတ်ကြီးကို နိုင်ငံတွင်းမှနှင်ထုတ်ရန် ဆန္ဒပြသူများ၏တောင်းဆိုမှုကို လွှတ်တော်တွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက နိုဝင်ဘာ ၂၁ ရက်တွင် ကတိပြုခဲ့သည်။ မကြာသေးမီတွင်ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများအတွင်း အဖမ်းခံခဲ့ရသည့် တာရီး-အီ-လာဘီယက်ပါတီဝင်များကို ပြန်လွှတ်ပေးရန်လည်း အစိုးရက သဘောတူခဲ့သည်။

တာရီး-အီ-လာဘီယက်ပါတီသည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ဘာသာရေးစော်ကားမှုဆိုင်ရာဥပဒေကို ထောက်ခံကြောင်းပြောဆိုပြီး မဲဆွယ်ခဲ့သည့်အတွက် လူကြိုက်များခံခဲ့ရသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် အစိုးရဆိုင်ရာစာရွက်စာတမ်းတစ်ခုတွင် တမန်တော်မိုဟမ္မဒ်၏ မွန်မြတ်သန့်စင်မှုဂုဏ်ကို ချီးမွမ်းသည့် စာသားတစ်ခုကို ဖယ်ရှားခဲ့ပြီးနောက် ပါတီဝင်များသည် ဆန္ဒပြမှုနှင့် ထိုင်သပိတ်မှောက်မှုများကို ၂၁ ရက်ကြာ ပြုလုပ်ခဲ့သည်။

ဘာသာတရားစော်ကားမှုဖြင့် သေဒဏ်ချမှတ်ခံထားရပြီး ပြစ်ဒဏ်ကျခံရန် ရှစ်နှစ်စောင့်ဆိုင်းခဲ့ရသည့် ပါကစ္စတန်နိုင်ငံသူ ခရစ်ယာန်ဘာသာဝင် အာဆီယာဘီဘီအား ယမန်နှစ်တွင် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ပြီးနောက် ရစ်ဇ်ဗီဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ တရားရုံးတစ်ရုံးက ဘီဘီအား လွှတ်ပေးခဲ့သော်လည်း ၎င်းသည် အသက်အန္တရာယ်ရှိသောကြောင့် ကနေဒါသို့ တိမ်းရှောင်ခဲ့ရသည်။