ဘန်ကောက် နိုဝင်ဘာ ၂၂ - ထိုင်းနိုင်ငံ၌ ပညာရေးပြုပြင်ပြောင်းလဲရန် တောင်းဆိုသည့်အနေဖြင့် ဘန်ကောက်၌ နိုဝင်ဘာ ၂၁ ရက်တွင် ကျောင်းသားရာပေါင်းများစွာသည် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်။
ဆန္ဒပြသူများကို အရေးယူရန် ရှိသမျှဥပဒေအားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နိုဝင်ဘာ ၁၉ ရက်တွင် သတိပေးပြောဆိုခဲ့ပြီးနောက် ပြုလုပ်သည့် လူဦးရေအများဆုံးပါဝင်သော ဆန္ဒပြမှုဖြစ်ခဲ့သည်။
ကျောင်းသားဆိုးများ၏ဆန္ဒပြမှုများကို လွှတ်ထားပေးဦးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ သို့သော် ကျောင်းသားခေါင်းဆောင်နှစ်ဦးမှာမူ နိုဝင်ဘာ ၂၀ ရက်တွင် ရဲတပ်ဖွဲ့စခန်းသို့ ဆင့်ခေါ်ခံခဲ့ရသည်။
နိုင်ငံသားများထံမှ လုယူသွားသည့် လွတ်လပ်မှုကိုသာမက ပညာရေးပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုရန်အတွက်ပါ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ကြောင်း အထက်တန်းကျောင်းသူ မာမြူက ပြောဆိုခဲ့သည်။ ကျောင်းသားတချို့သည် နှုတ်ဆက်ပါတယ် ဒိုင်နိုဆောဟု ကြွေးကြော်ပြီး ဒိုင်နိုဆောအရုပ်ကြီးများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဇူလိုင်တွင် စတင်ခဲ့သည့် ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ပေးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးရန်နှင့် ဘုရင်မဟာဝဇီရလောင်ကွန်း ဦးဆောင်သော ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန် အစရှိသည့် အဓိကအချက်သုံးချက်ကို တောင်းဆိုခဲ့သည်။
သို့သော် အထက်တန်းကျောင်းသားများကမူ ပိုမိုလွတ်လပ်ခွင့်နှင့် ပညာရေးစနစ်အတွင်း မျှတစွာဆက်ဆံမှုတို့ရရှိရေးကို တောင်းဆိုခဲ့ကြသည်။ ပညာရေးစနစ်သည် ကျွိုးနွံမှုရှိလာရေးကိုသာ ဦးစားပေးနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတွေးတောခွင့်ကို အားမပေးကြောင်း ကျောင်းသားများက ပြောဆိုခဲ့သည်။
ဆန္ဒပြသူများအနေဖြင့် ဥပဒေဘောင်အတွင်း အပြုသဘောဆောင်ကာ ဆန္ဒထုတ်ဖော်လိမ့်မည်ဟု ဝန်ကြီးချုပ်က မျှော်လင့်ထားကြောင်း အစိုးရ၏ပြောခွင့်ရှိသူ အနူချာဘူရာပါချိုင်ဆရီက ပြောဆိုခဲ့သည်။

















