ဟားခါးမြို့တွင် လူဦးရေ ၅ဝဝဝ ဆံ့ ရိုးရာအိမ်ပုံစံ Chin Convention Center တည်ဆောက်ရန် စီစဉ်နေ

ဟားခါးမြို့တွင် လူဦးရေ ၅ဝဝဝ ဆံ့ ရိုးရာအိမ်ပုံစံ Chin Convention Center တည်ဆောက်ရန် စီစဉ်နေ

ဟားခါးမြို့သစ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမြေနေရာတွင် ချင်းဘိုးဘွားရိုးရာအိမ်ပုံစံအတိုင်း လူဦးရေ ၅ဝဝဝ ဆံ့ Chin Convention Center ကို COVID-19 ကာလပြီးဆုံးချိန်တွင် တည်ဆောက်ရန်စီစဉ်နေကြောင်း(CACC-Chin Association for Christian Communication)အထွေထွေအတွင်းရေးမှူးဒေါက်တာ Za That ထံက သိရသည်။

''အဓိကကတော့(၂ဝ၁၅)ခုနှစ် သဘာဝဘေးဒဏ်ကျရောက်စဉ်က ဟားခါးမြို့မှာ ပုန်းခိုစရာနေရာမရှိခဲ့ဘူး၊ အင်မတန်ဝမ်းနည်းစရာဖြစ်တယ်၊ ဒါ့ကြောင့်မို့ဒီခန်းမကို ဆောက်လုပ်ရခြင်းဖြစ်ပါတယ်၊ ချင်းဘိုးဘွားတို့တည်ဆောက်ခဲ့တဲ့အိမ်ပုံသဏ္ဍာန်အတိုင်း ဆောက်မှာဖြစ်ပါတယ်၊ ခန်းမကိုကြည့်လိုက်တာနဲ့ချင်းအိမ်ပဲဆိုတာသိနိုင်အောင် ဆောက်လုပ်ပါမယ်၊ ချင်းအငွေ့အသက် အများဆုံးပါဝင်ပါမယ်၊ ဒီခန်းမကြီးမှာ ချင်းလူမျိုးတွေအားလုံး လူထုအစည်းအဝေးတွေ ဘာသာရေးဟောပြောပွဲတွေ၊ ညီလာခံတွေကျင်းပနိုင်ဖို့ ရည်ရွယ်ပါတယ်၊ခန်းမထဲမှာ လူဦးရေ(၃ဝဝဝ)လောက်နေနိုင်မှာဖြစ်ပြီး၊ ခန်းမပြင်ပမှာလူဦးရေ(၂ဝဝဝ)လောက် အနားယူနေထိုင်နိုင်အောင် ဆောက်လုပ်မှာဖြစ်ပါတယ်၊နောက်ပြီး ကားအစီး(၂ဝဝ)ဝန်းကျင်ထားနိုင်တဲ့ ကားပါကင်တစ်ခုလည်းပါဝင်ပါမယ်''ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်မြို့တော်ဟားခါးတွင်တည်ဆောက်မည့် Chin Convention Center ခန်းမမှာ ချင်းပြည်နယ်တွင် အကြီးမားဆုံးခန်းမကြီးတစ်ခုဖြစ်ပြီးယင်းအဆောက်အအုံ ဆောက်လုပ်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ နေရာအားလုံးတွင်နေထိုင်ကြသော ချင်းနှစ်ခြင်းခရစ်ယာန်အသင်းဝင် အားလုံးတို့၏အလှူငွေဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ ခန်းမအဆောက်အအုံဆောက်လုပ်ရေးအတွက် တွက်ချက်မှုအရ အမေရိကန်ဒေါ်လာငွေ (၂ ဒသမ ၅ မီလီယံ)မြန်မာငွေကျပ်သိန်းပေါင်း(၃ဝဝဝဝ)ကျော်ခန့် မှန်းထားကြောင်းသိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် တည်ဆောက်မည့်ခန်းမကြီးတည်ဆောက်ရေးကာလမှာ လေးနှစ်ဝန်းကျင်ကြာမြင့်နိုင်ပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တင်ဒါခေါ်ယူဆောက်လုပ်သွားရန် စီစဉ်ထားကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး